News

POST TYPE

SPORTS

အာဆင်နယ်အတွက် ကစားပေးရသည်မှာ ဖိအားများလွန်းပြီး အော့အန်သည်အထိဖြစ်ဖူးကြောင်း မာတီဆက်ကာ ဖွင့်ဟ
11-Mar-2018


လန်ဒန်၊ မတ် ၁၁

အာဆင်နယ်အသင်းခေါင်းဆောင် မာတီဆက်ကာသည် ၎င်းအနေနှင့် အာဆင်နယ်အတွက် ကစားပေးရသည်မှာ လွန်စွာ ဖိအားများလွန်းလှကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး ယင်းသို့ ဖိအားများလွန်းသည့်အတွက် အော့အန်သည့် ဝေဒနာကို ခံစားရသည်အထိပင်ဖြစ်ခဲ့ဖူးကြောင်း မာတီဆက်ကာက ပြောကြားထားသည်ဟု Daily Mail က ဖော်ပြထားသည်။

မာတီဆက်ကာသည် လက်ရှိဘောလုံးရာသီတွင် ကာလရှည်ကြာရင်ဆိုင်ခဲ့ရသော ဒူးဒဏ်ရာပြဿနာကြောင့် အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်ငါးပွဲမျှသာ ပွဲထွက်ကစားပေးနိုင်ခဲ့ပြီး ယင်းဒဏ်ရာပြဿနာကြောင့် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ကစားသမားဘ၀က အနားယူရန် မာတီဆက်ကာက စိတ်ပိုင်းဖြတ်ထားပြီးပြီလည်းဖြစ်သည်။

မာတီဆက်ကာသည် ကစားသမားဘ၀က အနားယူပြီးချိန်တွင် အာဆင်နယ်အသင်း လူငယ်အကယ်ဒမီတွင် နည်းပြအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားလိမ့်မည်ဖြစ်ကာ ၎င်းအနေနှင့် ဘောလုံးဆက်လက်ကစားလိုစိတ်ရှိနေသေးသော်လည်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက မည်သို့မျှ ခွင့်မပြုတော့ကြောင်းလည်း မာတီဆက်ကာက ဆက်လက်ရှင်းပြသွားခဲ့သေးသည်။

မာတီဆက်ကာသည် ၂၀၁၁ ခုနှစ်တွင် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဝါဒါဘရီမင်မှနေ၍ အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး အာဆင်နယ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ၎င်းက အသင်းနှင့်အတူ အက်ဖ်အေဖလားပြိုင်ပွဲတွင် ချန်ပီယံသုံးကြိမ်ဖြစ်ခွင့် ရရှိခဲ့ပြီးပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မာတီဆက်ကာက “တစ်ချို့သောနေ့ရက်တွေမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လဲပြိုသွားတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ အဲ့ဒီအခြေအနေတွေအရ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းဖို့ဆိုတာဟာ ကျွန်တော့်အတွက် ဘယ်လိုမှ အဆင်မပြေနိုင်တော့ပါဘူး။ အာဆင်နယ်အတွက် ကစားပေးရတာဟာ အရမ်းပဲ ဖိအားများလွန်းပါတယ်။ ကာလရှည်ဒူးဒဏ်ရာကို ရင်ဆိုင်လိုက်ရပြီးတဲ့နောက် ဖိအားတွေကို ကျွန်တော် သိပ်ပြီးခံနိုင်ရည် မရှိတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လဲပြိုမှုတွေကို ကျွန်တော် ဆက်တိုက်ဆိုသလို ထပ်မံရင်ဆိုင်ခဲ့ရပါတယ်။ ပွဲမစတင်ခင်မှာ အစာအိမ်နာကျင်ပြီး အော့အန်မှုတွေဖြစ်ခဲ့တာဆိုရင် ပွဲစဉ် ၂၀ လောက်ရှိခဲ့ပါပြီ။ တစ်ခါတစ်ရံမှာဆိုရင် မျက်ရည်တွေ အဆက်မပြတ် စီးကျတဲ့အထိ ချောင်းအဆက်မပြတ်ဆိုးတဲ့အခြေအနေတွေကိုလည်း ကျွန်တော် ရင်ဆိုင်ရလေ့ရှိပါတယ်”ဟု ပြောကြားသွားခဲ့သည်။