News

POST TYPE

SPORTS

သံရုံးဖွင့်ပွဲအတွက် ဂျေရုဆလင်သို့ သွားဖြစ်နိုင်သည်ဟု ထရမ့်ပြောကြား


ဝါရှင်တန်၊ မတ် ၆

ဂျေရုဆလင်တွင် အမေရိကန်သံရုံးသစ် ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ရန် အစ္စရေးသို့ သွားရောက်ဖွယ်ရှိသည်ဟု သမ္မတထရမ့်က ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

တနင်္လာနေ့က အိမ်ဖြူတော် ဘဲဥပုံ သမ္မတရုံးခန်းတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနှင့် တွေ့ဆုံစဉ် သမ္မတထရမ့်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျုပ်တို့လာဖို့ စဉ်းစားနေတယ်။ ဖြစ်နိုင်ရင်လာမယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။

ဂျေရုဆလင်တွင် အမေရိကန်သံရုံးဖွင့်မည့်ဆုံးဖြတ်ချက်ကို အစ္စရေးပြည်သူများက အမြဲတမ်းအမှတ်ရနေမည်ဟု ဝန်ကြီးချုပ်နေတန်ညာဟုက ပြန်လည်ပြောကြားသည်။

ဆီးရီးယား၌ တီဟီရန်၏ ခြေကုပ်ကြီးထွားလာမှုကို စိုးရိမ်နေသည့် ထရမ့်က “ကျုပ်တို့ နှစ်နိုင်ငံစလုံးနဲ့ အာရပ်မိတ်ဆွေတွေအတွက် အရှေ့အလယ်ပိုင်းက အကြီးမားဆုံးစိန်ခေါ်မှုက ဘာလဲလို့ မေးလာရင် အီရန်လို့ တစ်ခွန်းတည်းပြောရလိမ့်မယ်”ဟု ပြောဆိုခဲ့သည်။

နေတန်ညာဟုကလည်း “အီရန်ရပ်တန့်သွားမှဖြစ်မယ်။ ဒါက ကျွန်တော်တို့နှစ်နိုင်ငံစလုံးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုပဲ”ဟု ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်နှင့် ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေတို့ တက်ရောက်ခဲ့သည်။

ယခုတွေ့ဆုံမှုသည် နေတန်ညာဟုအတွက် ပြည်တွင်းတွင် ရင်ဆိုင်နေရသော အဂတိလိုက်စားမှုစွပ်စွဲချက်ကို ရှောင်ရှားရန်နှင့် အီရန်ကို ဟန့်တားမည့် နိုင်ငံခြားရေးမူဝါဒကို ဦးတည်လုပ်ဆောင်ရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။

၂၀၁၅ အီရန် နျူကလီးယားစာချုပ်ကို ပယ်ဖျက်ရန် ထရမ့်က တွန်းအားပေးနေခြင်း၊ ဆီးရီးယားနှင့် လက်ဘနွန်တွင် အီရန်တို့ ခြေကုပ်ယူလာခြင်းကို အမေရိကန်ဘက်မှ လက်သင့်ခံလိုက်နိုင်ခြင်းတို့ကို အစ္စရေးက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုအထိ ရောက်ရှိနိုင်မည့် တိုက်ခြင်းပစ်ဒုံးကျည်များ စမ်းသပ်မှုကို တားဆီးရန် ထရမ့်က ဖိအားပေးမည်ဖြစ်သော်လည်း အစ္စရေးအထိ ရောက်ရှိနိုင်သည့် တာလတ်ပစ်ဒုံးကျည်များကို ခွင့်ပြုထားနိုင်သည့်အချက်မှာလည်း အစ္စရေးအတွက် စိုးရိမ်စရာဖြစ်နေသည်။

အီရန်အပေါ် တာလတ်ပစ်ဒုံးကျည် ကန့်သတ်နိုင်ရေးကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီစသော ဥရောပနိုင်ငံများကလည်း တွန့်ဆုတ်နေကြခြင်းကြောင့် အစ္စရေးက စိုးရိမ်လာခြင်းဖြစ်သည်။

ဂျေရုဆလင်ကို ပါလက်စတိုင်းတို့ကလည်း ၎င်းတို့၏ အနာဂတ်နိုင်ငံ မြို့တော်အဖြစ် စိတ်ကူးမျှော်မှန်းလျက်ရှိရာ အမေရိကန်သံရုံး ဖွင့်လှစ်မည့် ထရမ့်၏ ဆုံးဖြတ်ချက်သည် အငြင်းပွားစရာဖြစ်နေသည်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က “ယနေ့ကာလသည် ဒေသတွင်း ပဋိပက္ခကို နိုင်ငံတစ်ခုတည်းက ကြားဝင်စေ့စပ်ရန် မဖြစ်နိုင်တော့ဘဲ နိုင်ငံတကာညီလာခံမှ အတည်ပြုချမှတ်သည့် နိုင်ငံတကာ လုပ်ငန်းစဉ်ထွက်ပေါ်လာရန် မဖြစ်မနေလိုအပ်နေသည်”ဟု ဖေဖော်ဝါရီလက လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဂျေရုဆလင်သည် ပါလက်စတိုင်းတို့၏ ရည်မှန်းချက်မြို့တော်ဖြစ်ပြီး မည်သည့် အစားထိုးကမ်းလှမ်းမှုကိုမှ လက်မခံနိုင်ကြောင်း မာမွတ်အဘတ်စ်က ပြောကြားထားသည်။

F-04