News

POST TYPE

SPORTS

EU ကားများကို အခွန်ကောက်မည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်
05-Mar-2018



ဝါရှင်တန်၊ မတ် ၃

သံမဏိနှင့် အလူမီနီယမ်သွင်းကုန်အပေါ် အခွန်စည်းကျပ်မည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်ကြောင့် ကုန်သွယ်ရေးပဋိပက္ခ တင်းမာနေချိန်တွင် ဥရောပသမဂ္ဂ (EU) မှ ကားများကို အခွန်ကောက်မည်ဟုပါ ထရမ့်က ထပ်မံခြိမ်းခြောက်ခဲ့ကြောင်း ဂျာမနီသတင်းဌာန DW က ဖော်ပြသည်။

“တခြားနိုင်ငံတွေက ကျုပ်တို့ကို နှစ်ပေါင်းများစွာ အသာစီးယူခဲ့ပြီးပြီ”ဟု ထရမ့်က သူ့ထုံးစံအတိုင်း တွစ်တာတွင် ရေးသားခဲ့သည်။

သံမဏိနှင့်အလူမီနီယမ်အပေါ် အမေရိကန်က အခွန်စည်းကြပ်မည့် အစီအစဉ်ကို ဥရောပသမဂ္ဂက လက်တုံ့ပြန်မည်ဆိုပါက ဥရောပသမဂ္ဂမှဝင်သော ကားများကိုပါ အခွန်ကောက်သွားမည်ဟု ထရမ့်က မတ်လ ၃ ရက်နေ့တွင် ကတိပြုခဲ့သည်။ လာမည့်အပတ်တွင် စတင်အသက်ဝင်မည့် အမေရိကန်၏ အစီအစဉ်ကို တုံ့ပြန်ပြီး ဥရောပသမဂ္ဂကလည်း တန်ပြန်စည်းကြပ်မှုများ လုပ်သွားမည်ဟု မတ်လ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။

“သူတို့တွေက ကျုပ်တို့ကားတွေ ဒီမှာရောင်းမရအောင် လုပ်နေတာ”ဟု ထရမ့်က မှတ်ချက်ရေးခဲ့သည်။

သီးခြားပို့စ်တစ်ခုတွင် အမေရိကန်သည် အလွန်မိုက်မဲသော ကုန်သွယ်ရေး သဘောတူညီချက်များနှင့် မူဝါဒများ ချမှတ်ထားခဲ့သည်ဟု ထရမ့်က မှတ်ချက်ပေးခဲ့သည်။

“ကျုပ်တို့ရဲ့ အလုပ်အကိုင်နဲ့ ဓနဥစ္စာတွေကို ကျုပ်တို့အပေါ် နှစ်ပေါင်းများစွာ အသာစီးယူနေတဲ့ တခြားတိုင်းပြည်တွေကို ပေးလိုက်ရတယ်။ ကျုပ်တို့ ခေါင်းဆောင်တွေ ဘယ်လောက်မိုက်မဲသလဲဆိုတဲ့အပေါ်မှာ သူတို့တွေက ရယ်မောနေကြမှာပေါ့။ ဒါမျိုးထပ်မရတော့ဘူး”ဟု ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။

အမေရိကန်လုပ်သားများအတွက် မမျှတသော ကုန်သွယ်ရေးလုပ်ထုံးလုပ်နည်းများကို အဆုံးသတ်ပစ်မည်ဆိုသော မဲဆွယ်ကတိအတိုင်း ထရမ့်က သံမဏိတင်သွင်းမှုအားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယမ်တင်သွင်းမှုအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်သွားမည်ဟု ထရမ့်က ကြေညာထားသည်။

ယင်းကြေညာချက်ကြောင့် ကမ္ဘာ့ဈေးကွက်များ လှုပ်ခတ်သွားခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ ဥရောပ သမဂ္ဂ၊ ကနေဒါ၊ တရုတ်တို့က ယင်းအစီအစဉ်ကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ထားကြသည်။ အမေရိကန်မှ လေ့လာစောင့်ကြည့်သူအများအပြားကလည်း ယင်းအစီအစဉ်ကြောင့် ပြည်ပမှ ဈေးချိုသည့် သံမဏိကို ဝယ်ယူအသုံးပြုနေသော အမေရိကန်ကုမ္ပဏီများ အခက်အခဲဖြစ်လာနိုင်သည်ဟု သတိပေးထားကြသည်။

အမေရိကန်ဈေးကွက်အတွက် သံမဏိကို ဥရောပသမဂ္ဂနိုင်ငံများက အဓိကတင်ပို့နေပြီး အမေရိကန်၏ သံမဏိလိုအပ်ချက် ၁၅ ရာခိုင်နှုန်းကို ဥရောပက တင်ပို့နေသည်။ ဥရောပသို့အမေရိကန်၏ တင်ပို့မှုမှာမူ ၁ ရာခိုင်နှုန်းသာရှိသည်။

မတ်လ ၂ ရက်နေ့တွင် ဥရောပကော်မရှင်အကြီးအကဲ ယန်းကလောက်ဒီယန်ကာက တုံ့ပြန်သည့်အနေနှင့် အမေရိကန် ထုတ်ကုန်အများအပြားကို အခွန်စည်းကြပ်သွားမည်ဟု ကြေညာခဲ့သည်။

“ဒီကိစ္စက အင်မတန်မိုက်မဲတဲ့ လုပ်ငန်းစဉ်ပါ။ ဒါပေမဲ့ လုပ်မှရပါတော့မယ်။ ဟာလေဒေးဗစ်ဆင်လို မော်တော်ဆိုင်ကယ်တွေ၊ Levis လို ဂျင်းပြာတွေ၊ ဘာဘွန်းဝီစကီတွေအပေါ်မှာ စည်းကြပ်ရပါတော့မယ်။ ကျုပ်တို့လည်း မိုက်မဲတာတွေ လုပ်နိုင်ပါတယ်”ဟု ယန်ကာက ပြောကြားခဲ့သည်။

F-03