News

POST TYPE

SPORTS

မြန်မာမြားပစ်အဖွဲ့အတွက် တောင်ကိုရီးယားနည်းပြတစ်ဦး မတ်လအတွင်းခန့်ထားမည်
22-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ 

နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရယူနိုင်ရန် ရည်ရွယ်ကာ တောင်ကိုရီးယားနိုင်ငံသား နည်းပြတစ်ဦးကို မတ်လလယ်ပိုင်းတွင် ခေါ်ယူခန့်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ထံမှ သိရသည်။ 

မြန်မာနိုင်ငံ မြားပစ်အဖွဲချုပ်အနေနှင့် တောင်ကိုရီးယားနိုင်ငံ မြားပစ်အဖွဲ့ချုပ် အကူညီအဖြင့် ခေါ်ယူရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး မတ်လလယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ရောက်ရှိမည်ဟု ယင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ကေသီက ပြောကြားသည်။ 

“နည်းပြအတွက် ချိတ်ဆက်နေတာ အဆင်ပြေသွားပြီဆိုတော့ မတ်လလယ်ကစပြီး တာဝန်ယူပါလိမ့်မယ်။ လောလောဆယ်တော့ နည်းပြတစ်ဦးပဲခေါ်ဖို့ စီစဉ်ထားတယ်။ လာမယ့်ပြိုင်ပွဲတော့ ပြည်တွင်းနည်းပြနဲ့ပဲ သွားဖြစ်မယ်”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါနည်းပြအတွက် ကုန်ကျမည့်လစာများကို အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျခံမည်ဟု မြန်မာမြားပစ်အဖွဲ့ချုပ်နှင့် နီးစပ်သူများထံက သိရှိရသည်။ 

မြန်မာမြားပစ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ မတ်၂ ရက်မှ ၉ ရက်အထိ ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့အဆင့်သတ်မှတ်ရေး အာရှပတ်လည် မြားပစ်ပြိုင်ပွဲဝင်ရန် ရှိနေသည်။ 

အဆိုပါပြိုင်ပွဲအတွက် လက်ရွေးစင် အမျိုးသားကစားသမားနှစ်ဦး၊ အမျိုးသမီး ကစားသမားနှစ်ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း လက်ရှိတွင် ကစားသမားအမည်စာရင်း မထုတ်ပြန်သေးပေ။
 
J-04

  • VIA