News

POST TYPE

SPORTS

မြန်မာ့လက်ဝှေ့ကျော် တူးတူး ကစားသမားအဖြစ်မှ အနားယူဟု သတင်းထွက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ 

မြန်မာ့လက်ခမောင်းကုမ္ပဏီက ယခုရက်ပိုင်းအတွင်း ကျင်းပခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် World Lethwei Championship-4 ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သော်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် မြန်မာ့လက်ဝှေ့ကျော် တူးတူးအနေနှင့် ကစားသမားဘဝမှ အနားယူပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါလက်ဝှေ့ပွဲကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် တူးတူးအနေနှင့် စိန်ခေါ်သူ ယူကရိန်းလက်ဝှေ့သမား ဆိုရိုကင်ကို လက်ရည်အသာဖြင့် မထိုးသတ်နိုင်ခဲ့ဘဲ ဆိုရိုကင်၏ ထိုးချက်များကြောင့် အထိနာသော်လည်း ဒိုင်လူကြီးများက တူးတူးကို အနိုင်ပေးခဲ့သည့် အင်တာနက်စာမျက်နှာများတွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ယင်းသို့ဝေဖန်မှုများကို တူးတူးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပရိသတ်အချို့ကို ပြန်လည်တုံ့ပြန်ခဲ့ပြီးနောက် လက်ဝှေ့ကစားသမားဘဝမှ အနားယူပြီဟု သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ 

“တူးတူးကတော့ လုံးဝ အနားယူမယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ဖြောင်းဖြပေးဖို့လုပ်နေပါတယ်။ လက်ရှိမှာ ပထမတန်းလက်ဝှေ့သမားဆိုလို့ တူးတူးနဲ့ ထွန်းထွန်းမင်းပဲရှိတော့ ပြန်ကစားဖို့ ဖြောင်းဖြမှာပါ။ သူအနိုင်ရခဲ့တဲ့ပွဲအပေါ်မှာ ဝေဖန်တိုက်ခိုက်တာများတွေ့တော့ သူလည်း လူသားတစ်ယောက်ဖြစ်တော့ ခံစားချက်ရှိတာကြောင့် အခုလို ဆုံးဖြတ်တာနေမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ဖြောင်းဖြပေးပါမယ်”ဟု ပွဲစီစဉ်သူ ဦးဇေသီဟက ပြောကြားသည်။ 

အဆိုပါပွဲစဉ်သည် တူးတူးအတွက် ရွှေခါးပတ်ကာကွယ်ပွဲအဖြစ် ကစားခဲ့ရခြင်းဖြစ်ပြီး ၎င်းနှင့်ထိုးသတ်ခဲ့သည့် ကစားသမားဆိုရိုကင်မှာလည်း ပြန်လည်ထိုးသတ်နိုင်ခဲ့ပြီး အမှတ်ပေးဒိုင်လူကြီး သုံးဦးစလုံးက တူးတူးကို အနိုင်ပေးခဲ့ရာ ဆိုရိုကင်ဘက်မှနေ၍ တစ်စုံတစ်ရာ တုံ့ပြန်ရန်မရှိကြောင်း ပြောကြားခဲ့သည်ဟု ဦးဇေသီဟက ဆက်လက်ပြောဆိုသည်။

ယင်းသို့အနားယူရန် ဆုံးဖြတ်ခဲ့သည့်အတွက် အတည်ပြုနိုင်ရန် မြန်မာ့ရိုးရာလက်ဝှေ့ကစားသမား တူးတူးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည့်အတွက် မေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။ 

တူးတူးမှာ လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့လောက၏ ပထမတန်းလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး ရှုံးပွဲမရှိသေးဘဲ ဆုတံဆိပ်များစွာ ရယူထားနိုင်သည့်အပြင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း မွေထိုင်းအားကစားနည်းဖြင့် ရွှေတံဆိပ်၊ အာရှရုံတွင်းပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူခဲ့ဖူးသည်။

E-11