News

POST TYPE

SPORTS

မန်ယူ သို့မဟုတ် မန်စီးတီးထံသို့ ပြောင်းရွှေ့လိုကြောင်း တီမိုဝါနာ ဖွင့်ဟ

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၉

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းတိုက်စစ်မှူး တီမိုဝါနာသည် ၎င်းအနေနှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အခွင့်ရမည်ဆိုပါက မန်ယူနှင့် မန်စီးတီးတို့အနက် တစ်သင်းထံသို့ ပြောင်းရွှေ့ခွင့်ရလိုသည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

တီမိုဝါနာသည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စတုဂတ်မှနေ၍ လိုက်ပ်ဇစ်ဂ်ျထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး လိုက်ပ်ဇစ်ဂ်ျကို ကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၆၁ ပွဲ ပါဝင်ကစားပေးခွင့်ရခဲ့ရာ၌ ၎င်းက သွင်းဂိုး ၃၇ ဂိုးအထိ ရယူပေးထားပြီးဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် တီမိုဝါနာသည် လက်ရှိတွင် နည်းပြဂျိုအာချင်လိုးလက်အောက်၌ ဂျာမနီလက်ရွေးစင်အသင်း၏အဓိကပွဲထွက်ကစားသမားတစ်ဦးအဖြစ် နေရာပေးခြင်းခံထားရပြီဖြစ်ပြီး ၎င်းမှာ ငယ်စဉ်ကတည်းကပင် မန်ယူအသင်းကို အားပေးခဲ့သူဖြစ်ကြောင်းလည်း တီမိုဝါနာက ဖွင့်ဟ၀န်ခံထားပြီးဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် တီမိုဝါနာက “ဂျာမနီမှာ ကစားသမားဘ၀ဖြတ်သန်းမယ်ဆိုရင် ဘိုင်ယန်မြူးနစ်ကို ကိုယ်စားပြုခွင့် မရလိုတဲ့သူရယ်လို့ ဘယ်သူမှ မရှိပါဘူး။ အင်္ဂလန်မှာ ကစားသမားဘ၀ဖြတ်သန်းမယ်ဆိုရင် မန်ယူနဲ့ မန်စီးတီးကို ကိုယ်စားပြုပြီး ကစားခွင့်ရချင်တဲ့သူချည်းပါပဲ။ စပိန်မှာဆိုရင်တော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာပေါ့။ ပြင်သစ်လီဂူးကတော့ ကျွန်တော် သွားရောက်ကစားချင်တဲ့ လိဂ်ပြိုင်ပွဲမျိုး မဟုတ်ပါဘူး။ အခွင့်ရမယ်ဆိုရင် ပရီးမီးယားလိဂ်စိန်ခေါ်မှုတွေကို ကျွန်တော် ရင်ဆိုင်ခွင့်ရလိုပါတယ်”ဟု ပြောကြားသွားခဲ့သည်။

တီမိုဝါနာသည် လက်ရှိတွင် ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် လိုက်ပ်ဇစ်ဂ်ျအသင်းဘက်က ကမ်းလှမ်းထားသည်ကို ငြင်းဆန်ပယ်ချလိုက်ပြီဖြစ်ပြီး ယင်းအတွက် လာမည့်နွေဈေးကွက်တွင် ထိုက်တန်သည့်ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိမည်ဆိုပါက တီမိုဝါနာကို ရောင်းထုတ်လိုက်ရန် လိုက်ပ်ဇစ်ဂ်ျအသင်းတာဝန်ရှိသူများက ကျိန်းသေစဉ်းစားသွားဖွယ် ရှိနေပြီဖြစ်သည်။