News

POST TYPE

SPORTS

စွမ်းဆောင်ရည်ကျဆင်းနေသော ပေါ့ဂ်ဘာကို မော်ရင်ညို ခေါ်ယူဆွေးနွေး

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၇

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာကို စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကျဆင်းနေခြင်းနှင့်စပ်လျဉ်း၍ ၎င်း၏ရုံးခန်းသို့ခေါ်ယူကာ တွေ့ဆုံဆွေးနွေးလိုက်ပြီဖြစ်ကာ ပေါ့ဂ်ဘာမှာ လက်ရှိအချိန်တွင် ၎င်းမျှော်မှန်းထားသကဲ့သို့ ကစားပြနိုင်ခြင်းမရှိဖြစ်နေသည်ဟုလည်း မော်ရင်ညိုက ဖွင့်ဟ၀န်ခံသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် နယူးကာဆယ်၊ စပါးတို့နှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်များတွင် ပေါ့ဂ်ဘာကို ပွဲကစားချိန် ဒုတိယပိုင်း၌ လူစားလဲလှယ်ခဲ့ပြီး ဟတ်ဒါးစဖီးလ်နှင့်ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင်မူ ပွဲထွက်လူစာရင်း၌ပင် မထည့်သွင်းဘဲ ၎င်းကို အရန်အဖြစ်သာ မော်ရင်ညိုက ထားရှိသွားခဲ့သည်။

မော်ရင်ညိုသည် ပေါ့ဂ်ဘာနှင့် ၎င်းအကြားတွင် ဆက်ဆံရေးပျက်ယွင်းမှုများရှိနေသည်ဆိုခြင်းကိုမူ ငြင်းဆန်ပယ်ချသွားခဲ့ပြီး ပေါ့ဂ်ဘာကိုယ်တိုင်မှာလည်း ၎င်းအနေနှင့် အသင်းအတွက် ကောင်းစွာ ကစားပေးနိုင်ခြင်း မရှိသည်ကို နားလည်လက်ခံထားကြောင်း မော်ရင်ညိုက အသိပေးသွားခဲ့သေးသည်။

ပေါ့ဂ်ဘာသည် လက်ရှိတွင် ကွင်းလယ်၌ မာတစ်နှင့်တွဲဖက်ကစားနေရသည်ကို ဘ၀င်မကျဖြစ်နေပြီး ၎င်းအတွက် ၄-၂-၃-၁ ကစားကွက်မှာ အဆင်မပြေကြောင်း၊ ဂျူဗင်တပ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကကဲ့သို့ ၄-၃-၃ နည်းဗျူဟာတွင် ဘယ်ခြမ်း၌ ကစားလိုကြောင်း ပေါ့ဂ်ဘာက ပြောကြားထားသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ပေါ့ဂ်ဘာကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၂၀ အသုံးပြု၍ ခေါ်ယူလိုလျက်ရှိပြီး အသက်အရွယ်ရလာပြီဖြစ်သော မိုဒရစ်၏နေရာတွင် ပေါ့ဂ်ဘာကို အစားထိုးရန် ပီရက်ဇ်က ကြံရွယ်နေကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်လျက်ရှိသည်။
သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ပေါ့ဂ်ဘာဟာ ပုံစံကောင်းမရမှန်း သူကိုယ်တိုင်လည်း သိရှိနားလည်နေပါတယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်တော်နဲ့ပေါ့ဂ်ဘာတို့ ကျွန်တော့်ရုံးခန်းမှာ တွေ့ဆုံစကားပြောဆိုခဲ့ကြတာပါ။ သူက လက်ရှိကစားနေရတဲ့နေရာဟာ သူ့အတွက် အဆင်မပြေမှုတွေရှိတယ်လို့ ကျွန်တော့်ကို အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ ပေါ့ဂ်ဘာအကြား သိပ်မကြာခင်မှာပဲ အဖြေတစ်ခုကို ရှာဖွေရရှိနိုင်မှာပါ”ဟု ပြောကြားသွားခဲ့သည်။