News

POST TYPE

SPORTS

စကင်ဒါဗျူးကို လုပ်ပွဲသံသယဖြင့် စစ်ဆေးခြင်းကြောင့် ယူအီးအက်ဖ်အေတာဝန်ရှိသူများ ခြိမ်းခြောက်ခံရ
17-Feb-2018 tagged as Soccer UEFA Skenderbeu Albania Match Fixing


တီရာနာ၊ ဖေဖော်ဝါရီ ၁၇

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)တာဝန်ရှိသူများသည် အယ်လ်ဘေးနီးယားကလပ် စကင်ဒါဗျူးအသင်းကို လုပ်ပွဲသံသယဖြင့် စစ်ဆေးလျက်ရှိပြီး ယင်းသို့စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသော ယူအီးအက်ဖ်အေတာဝန်ရှိသူများမှာ အသက်အန္တရယ်ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်ကြုံဆုံနေကြရကြောင်း The Mirror က ဖော်ပြထားသည်။

ယူအီးအက်ဖ်အေသည် စကင်ဒါဗျူးကို လုပ်ပွဲဖန်တီးမှုကြောင့် ၂၀၁၆-၁၇ ဘောလုံးရာသီတွင် ဥရောပပြိုင်ပွဲပါဝင်ကစားခွင့် ပိတ်ပင်ခဲ့ပြီး စကင်ဒါဗျူးနှင့် ဒိုင်နမိုဇာဂရက်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ခြေစစ်ပွဲတွင် ပုံမှန်မဟုတ်သော လောင်းကစားမှုများရှိခဲ့သည့်အတွက် စကင်ဒါဗျူးကို ယူအီးအက်ဖ်အေက စစ်ဆေးမှုများ ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။

စကင်ဒါဗျူးနှင့် ဒိုင်နမိုဇာဂရက်တို့သည် ၂၀၁၅ ခုနှစ် ချန်ပီယံလိဂ် နောက်ဆုံးအဆင့်ခြေစစ်ပွဲတွင် ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် ဒိုင်နမိုဇာဂရက်က ပထမအကျော့ကို လေးဂိုး တစ်ဂိုးဖြင့် လည်းကောင်း၊ ဒုတိယအကျော့ကို နှစ်ဂိုး တစ်ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိသွားခဲ့သည်။

ယူအီးအက်ဖ်အေသည် လက်ရှိတွင် အယ်လ်ဘေးနီးယားရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စကင်ဒါဗျူးအသင်းကို စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကာ လုပ်ပွဲဖန်တီးခြင်းနှင့်သက်ဆိုင်သော သက်သေအထောက်အထားများ ထပ်မံတွေ့ရှိခဲ့မည်ဆိုပါက စကင်ဒါဗျူးမှာ ထပ်တိုးပြစ်ဒဏ်များ ထပ်မံကျခံရမည့်အခြေအနေ ရှိနေသေးသည်။