News

POST TYPE

SPORTS

အငှားယာဉ်တစ်စီးကို ၀က်စ်ဘရွန်းကစားသမားများ ခိုးယူမောင်းနှင်
17-Feb-2018


ဘာစီလိုနာ၊ ဖေဖော်ဝါရီ ၁၇

ဝက်စ်ဘရွန်းကစားသမားများဖြစ်ကြသည့် အီဗန်စ်၊ ဂါရတ်သ်ဘယ်ရီ၊ လီဗာမိုးနှင့် မိုင်ဟေးလ်တို့သည် စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ ဆောင်းရာသီလေ့ကျင့်ရေးခရီးစဉ်သွားရောက်ခဲ့ရာတွင် အငှားယာဉ်တစ်စီးကို ခိုးယူမောင်းနှင်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့၏စုံစမ်းစစ်ဆေးခြင်းဖြင့် ရင်ဆိုင်ခဲ့ကြရကြောင်း Sportmail က ဖော်ပြထားသည်။

ဝက်စ်ဘရွန်းနည်းပြ အလန်ပါဂျူးသည် အင်္ဂလန်နိုင်ငံတွင် ဆောင်းရာသီအအေးဒဏ်ပြင်းထန်နေသည့်အတွက် အသင်းကို ပူနွေးသောရာသီဥတုရှိရာ စပိန်နိုင်ငံသို့ လေ့ကျင့်ရေးဆင်းရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကားခိုးယူမောင်းနှင်ခဲ့သော ကစားသမားများကို အသင်းတွင်းစည်းမျဉ်းများဖြင့် အရေးယူရန် ၀က်စ်ဘရွန်းအသင်းတာဝန်ရှိသူများက စီစဉ်နေပြီလည်းဖြစ်သည်။

အီဗန်စ်၊ ဂါရတ်သ်ဘယ်ရီ၊ လီဗာမိုးနှင့် မိုင်ဟေးလ်တို့သည် ဘာစီလိုနာမြို့ရှိ အိုလံပစ်ဧရိယာတွင် ဖွင့်လှစ်ထားသော မက်ဒေါနယ်ဆိုင်မှနေ၍ ၎င်းတို့တည်းခိုသည့် ဟိုတယ်ရှိရာသို့ အငှားယာဉ်ကို ခိုးယူမောင်းနှင်သွားခဲ့ခြင်းဖြစ်ပြီး အငှားယာဉ်မောင်းနှင်သူက မက်ဒေါနယ်ဆိုင်အတွင်းသို့ ၀င်ရောက်၍ အစားအသောက်ဝယ်ယူနေစဉ်တွင် ၎င်းတို့က အငှားယာဉ်ကို ခိုးယူသွားခဲ့ကြခြင်းဖြစ်သည်။

အိုလံပစ်ဧရိယာတွင် ဖွင့်လှစ်ထားသော မက်ဒေါ်နယ်စားသောက်ဆိုင်နှင့် ၀က်စ်ဘရွန်းကစားသမားများတည်းခိုသည့်ဟိုတယ်တို့သည် ခရီးပမာဏ သုံးမိုင်ကွာဝေးပြီး အငှားယာဉ်မောင်းဖြစ်သူက ၎င်း၏ကားခိုးယူခံလိုက်ရကြောင်း ရဲဌာနသို့တိုင်ကြားလိုက်အပြီးတွင် နောက်ဆက်တွဲအဖြစ်အပျက်များ ဆက်လက်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့သည် နံနက်လင်းအားကြီး ငါးနာရီခွဲအချိန်တွင် ၀က်စ်ဘရွန်းအသင်းတည်းခိုနေထိုင်လျက်ရှိသည့် ကြယ်ငါးပွင့်ဟိုတယ်ရှိရာသို့ ရောက်ရှိလာခဲ့ကာ ဟိုတယ်ရှေ့တွင် ခိုးယူခံရသည့် အငှားယာဉ် ရပ်ထားသည်ကို တွေ့ရှိရာကတစ်ဆင့် ၎င်းတို့အနေနှင့် အမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဘာစီလိုနာရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရှင်းပြပြောဆိုသွားခဲ့သည်။

ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် အီဗန်စ်၊ ဂါရတ်သ်ဘယ်ရီ၊ လီဗာမိုးနှင့် မိုင်ဟေးလ်တို့ကို စခန်းသို့ခေါ်ယူကာ နာရီအတန်ကြာ စစ်ဆေးမေးမြန်းအပြီးတွင် ပြန်လွှတ်ပေးလိုက်ပြီး ၀က်စ်ဘရွန်းအသင်းတာဝန်ရှိသူများမှာ ယင်းကိစ္စတွင် အသင်းနည်းပြ အလန်ပါဂျူး၏ကွပ်ကဲမှု ညံ့ဖျင်းခြင်းများလည်းပါဝင်သည်ဟု ယူဆနေကြလျက်ရှိသည်။