News

POST TYPE

SPORTS

နာပိုလီ၊ ဒေါ့မွန်နဲ့ အက်စ်တာနာတို့ကို လက်တွဲပြီး ယူရိုပါလိဂ်ညကို ဖြတ်သန်းကြည့်ချင်တယ်
15-Feb-2018 tagged as Soccer Preview Europa League

 

ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

 

အက်စ်တာနာ - စပို့တင်းလစ္စဘွန်း

အက်စ်တာနာက ဥရောပအဆင့်ပြိုင်ပွဲတွေမှာ အိမ်ကွင်းပွဲစဉ် ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ ဖြတ်သန်းနိုင်ခဲ့တာကို သတိပြုရပါလိမ့်မယ်။ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ဥရောပအဆင့် အဝေးကွင်းပွဲစဉ်ရှစ်ပွဲမှာ စပို့တင်းလစ္စဘွန်းက ခြောက်ပွဲအထိ ရှုံးနိမ့်ထားတာမို့ အက်စ်တာနာသာ သတိကြီးကြီးထားပြီး ကစားသွားမယ်ဆိုရင် ကပ်နိုင်ဖို့ မခက်လောက်ပါဘူး။ စပို့တင်းလစ္စဘွန်းဟာ ဥရောပပြိုင်ပွဲတွေရဲ့ရှုံးထွက်အဆင့်မှာ အဝေးကွင်းပွဲစဉ်ပေါင်းငါးပွဲ ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး အဲ့ဒီပွဲစဉ်ငါးပွဲမှာ စပို့တင်းလစ္စဘွန်းက နိုင်ပွဲဆိုလို့ လုံးဝရှာမတွေ့ခဲ့တာဟာ ဒီပွဲရဲ့အဖြေ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာကို ညွှန်းဆိုသလို ရှိနေပါတယ်။ အက်စ်တာနာကို အားပေးမယ်။

 

မာဆေး - စပို့တင်းဘရာဂါ

ပြင်သစ်ကလပ် မာဆေးရဲ့အိမ်ကွင်းစွမ်းဆောင်ရည်က အတိုင်းအတာတစ်ရပ်အထိ စိတ်ချရပါတယ်။ စပို့တင်းဘရာဂါက ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်တွေမှာ သရေရလဒ် ရယူနိုင်ရေးကိုသာ ဦးတည်ကစားတတ်လေ့ရှိတာမို့ အားရစရာ သိပ်မကောင်းလှပါဘူး။ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ အဝေးကွင်းပွဲစဉ်ကိုးပွဲမှာလည်း စပို့တင်းဘရာဂါက နှစ်ပွဲသာ အနိုင်ရခဲ့ပြီး ခုနစ်ပွဲအထိ နိုင်ပွဲပျောက်ထားပါတယ်။ မီထရိုဂလူး၊ အန်ဂျိုင်းနဲ့ ဂျာမိန်းတို့ ဦးဆောင်လာမယ့် မာဆေးတိုက်စစ်ကို စပို့တင်းဘရာဂါခံစစ် တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ဟန့်တားနိုင်ဖို့ သိပ်မလွယ်လောက်ပါဘူး။ မာဆေး ကပ်နိုင်သွားပါလိမ့်မယ်။

 

အော့စ်တာဆန်းဒ် - အာဆင်နယ်

ဆွီဒင်ကလပ် အော့စ်တာဆန်းဒ်ကို လျှော့တွက်လိုက်ရင် အာဆင်နယ် ဒုက္ခများသွားပါလိမ့်မယ်။ ပေါင်ဒဏ်ရာပြဿနာကြောင့် လာကာဇက်ကို လက်လွှတ်လိုက်ရတဲ့အတွက် အာဆင်နယ်ဆီဟာ တိုက်စစ်ပိုင်းဆိုင်ရာ အကျပ်အတည်းတစ်ရပ်ကို ရင်ဆိုင်ရတော့မှာ မလွဲမသွေပါပဲ။ ခြေစစ်ပွဲအဆင့်အပါအ၀င် ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်ခြောက်ပွဲမှာ အော့စ်တာဆန်းဒ်က ငါးပွဲနိုင်၊ တစ်ပွဲသရေရလဒ်ကို ပိုင်ဆိုင်ရရှိထားပါတယ်။ အဲ့ဒီအိမ်ကွင်းပွဲစဉ်ခြောက်ပွဲမှာ အော့စ်တာဆန်းဒ်က ပြိုင်ဘက်ကို ငါးပွဲ ဂိုးမပေးခဲ့ရပါဘူး။ သရေကစားနိုင်ရုံနဲ့ အကျိုးဖြစ်ထွန်းမယ့် အော့စ်တာဆန်းဒ်ကို သဘောကျမိတယ်။

 

လူဒိုဂိုရက်စ် - အေစီမီလန်

အေစီမီလန်ဟာ သမိုင်းကြောင်းမှတ်တမ်းတွေအရ ဘူဂေးရီးယားကလပ်အသင်းတွေအပေါ် အပြတ်အသာစီးရထားပါတယ်။ ဘူဂေးရီးယားကလပ်အသင်းတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ပွဲစဉ် ၁၀ ပွဲမှာ အေစီမီလန်က ရှုံးပွဲဆိုလို့ တစ်ပွဲတည်းသာရှိခဲ့ပြီး နိုင်ပွဲ ခုနစ်ပွဲအထိတောင် ရယူနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်ဘောလုံးရာသီမှာ အေစီမီလန်က ခြေအတက်အကျမမှန်တာကို သတိပြုသင့်ပါတယ်။ လူဒိုဂိုရက်စ်ဟာ အိမ်ရှင်အားသာချက်ကို လက်ကိုင်ပြုပြီး အနိမ့်ဆုံးအဖြစ် သရေရအောင်တော့ ခံကစားနိုင်မှာပါ။ လူဒိုဂိုရက်စ်နဲ့ စွန့်စားလိုက်ကြရအောင်လား။

 

ဆိုစီဒက် - ဆဲလ်ဘတ်

ဆိုစီဒက်ဟာ တိုက်စစ်ဂိုးသွင်းအား မဆိုးလှပေမယ့် ခံစစ်ကြောင်း အမှားများလွန်းတာကြောင့် အိတ်ပေါက်နဲ့ ဖားကောက်သလိုဖြစ်နေပါတယ်။ အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရလဒ်ကို ရယူထားနိုင်မှ နောက်တစ်ဆင့်တက်ရောက်ရေးကို မျှော်လင့်နိုင်မှာဖြစ်လို့ ဆိုစီဒက်ဟာ ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားဖို့သာ ဦးတည်သွားမှာပါ။ ဆဲလ်ဘတ်ကလည်း ဂိုးသွင်းအားကောင်းတဲ့အသင်းဖြစ်လို့ အပြန်အလှန် ဂိုးသွင်းတာတွေကို မြင်တွေ့ရမယ့်ပွဲစဉ်တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ အသင်းရွေးချယ်တာထက် ဂိုးအများကို ရွေးချယ်တာက ပိုပြီး သင့်တော်မှာပါ။

 

စပါးတပ်မော်စကို - ဘီလ်ဘာအို

ဘီလ်ဘာအိုက အဝေးကွင်းပွဲစဉ်တွေမှာဆိုရင် အမှားများလွန်းပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ အဝေးကွင်းပွဲစဉ်ငါးပွဲမှာ ဘီလ်ဘာအိုက လေးပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပြီး နိုင်ပွဲလုံးဝရှာမတွေ့ခဲ့တာကို သတိပြုကြရမှာပါ။ ရုရှားကလပ်အသင်းတွေရဲ့ထုံးစံအတိုင်း စပါးတပ်မော်စကိုက အိမ်ကွင်းပွဲစဉ်တွေဆိုရင် ပြိုင်ဘက်တိုင်းကို မာမာထန်ထန်နဲ့ တုံ့ပြန်ကစားနိုင်စွမ်းအပြည့်ရှိပါတယ်။ ခံစစ်ကိုအားပြုပြီး သရေရလဒ်ရယူနိုင်ဖို့ကိုသာ ဦးတည်သွားမယ့် ဘီလ်ဘာအိုကို မေ့ထားလိုက်ပါ။ စပါးတပ်မော်စကိုကို ရွေးပါ။

 

နိုက်စ် - လိုကိုမိုးတစ်မော်စကို

နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ပွဲစဉ်ငါးပွဲမှာ နိုက်စ်က နိုင်ပွဲတစ်ပွဲသာ ရှာဖွေရရှိခဲ့ပြီး သုံးပွဲရှုံးနိမ့်ထားပါတယ်။ လိုကိုမိုးတစ်မော်စကိုဟာ ပြည်တွင်းပွဲစဉ်တွေမှာ နိုင်ပွဲတွေဆက်နေပေမယ့် ယူရိုပါလိဂ်စစ်မျက်နှာဘက်မှာတော့ သူတို့ခြေစွမ်းက သိပ်အကောင်းကြီး မဟုတ်လှပါဘူး။ နိုက်စ်ဟာ ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့အတွက် အားကုန်ကြိုးပမ်းလာပါလိမ့်မယ်။ ပြည်တွင်းပွဲစဉ်တွေမှာ လမ်းပျောက်သွားတတ်တဲ့အသင်းတွေအဖို့ ဥရောပစစ်မျက်နှာမှာ လွတ်လမ်းတွေ ပြန်ရှာတွေ့တတ်တဲ့ အစဉ်အလာကို မမေ့သင့်ပါဘူး။ နိုက်စ်ကို အားပေးမယ်။

 

ဒေါ့မွန် - အတ္တလန္တာ

ချန်ပီယံလိဂ်ကနေပြီး စစ်ဆုတ်ခွာလာခဲ့ရတဲ့ ဒေါ့မွန်ဟာ ယူရိုပါလိဂ်မှာ ဘယ်လောက်အထိ လုပ်ပြနိုင်စွမ်းရှိလေမလဲကို စောင့်ကြည့်ကြရပါလိမ့်မယ်။ အတ္တလန္တာက အုပ်စုအဆင့်မှာ ခြေစွာခဲ့သလိုမျိုး အခုရှုံးထွက်အဆင့်မှာ ဆက်လုပ်ပြနိုင်လေမလား စိတ်ဝင်စားစရာပါပဲ။ အုပ်စုအဆင့်တုန်းက တိုက်စစ်အစွမ်းပြခဲ့တဲ့ အသင်းတွေဟာ ရှုံးထွက်အဆင့်ရောက်ရင် မထင်မှတ်ဘဲ ရပ်သွားတတ်လေ့ရှိတာကို သတိပြုသင့်ပါတယ်။ ဒေါ့မွန်အ၀ါနဲ့ လန်းကြည့်ကြရအောင်လား။

 

စတူအာဘူခါရက် - လာဇီယို

ရာသီအစတုန်းက အရမ်းကို ခြေစွာခဲ့တဲ့ လာဇီယိုဟာ လက်ရှိအချိန်မှာတော့ တဖြည်းဖြည်းချင်း အကျဘက်ဆီ ရောက်မှန်းမသိ ရောက်လာခဲ့ပါပြီ။ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ပွဲစဉ်လေးပွဲမှာ တစ်ပွဲသာ သရေကစားနိုင်ခဲ့ပြီး သုံးပွဲအထိ ရှုံးနိမ့်ထားတဲ့ လာဇီယိုကို ဘယ်လိုမှ မယုံကြည်ရဲပါဘူး။ စတူအာဘူခါရက်သာ အိမ်ရှင်အခွင့်အရေးကို လက်ကိုင်ပြုပြီး တိုက်စစ်ကို ရဲရဲတင်းတင်း ဖွင့်ကစားလာခဲ့ရင် လာဇီယို အမှားများသွားနိုင်ပါတယ်။ စတူအာဘူခါရက်နဲ့ပဲ လက်တွဲထားလိုက်ကြပါစို့။

 

ပါတီဇန်ဘဲလ်ဂရိတ် - ပလာဇန်

ချက်ကလပ် ပလာဇန်ရဲ့ကစားအားက သိပ်အကောင်းကြီး မဟုတ်ပါဘူး။ အဝေးကွင်းပွဲစဉ်တွေမှာဆိုရင် တိုက်စစ်လုပ်အားနှုန်း လျော့ကျသွားတတ်လေ့ရှိတာက ပလာဇန်ရဲ့အကြီးမားဆုံးသော အားနည်းချက်တစ်ရပ် ဖြစ်ပါတယ်။ ပါတီဇန်ဘဲလ်ဂရိတ်ဟာ အိမ်ကွင်းပွဲစဉ်ကို အနိုင်ရရှိမှပဲ နောက်တစ်ဆင့်တက်ရောက်ဖို့ကို မျှော်လင့်နိုင်မှာပါ။ ပြည်တွင်းမှာ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ ပါတီဇန်ဘဲလ်ဂရိတ်ဟာ ဖိအားတွေအောက်ကနေ ရုန်းထွက်နိုင်အောင် အစွမ်းကုန်ကြိုးပမ်းသွားပါလိမ့်မယ်။ ပါတီဇန်ဘဲလ်ဂရိတ်ကို ရွေးပါ။

 

လိုင်ယွန် - ဗီလာရီးရဲလ်

နှစ်သင်းလုံးက ခြေစွမ်းကျဆင်းနေကြပါတယ်။ ဗီလာရီးရဲလ်က နောက်ဆုံးကစားထားတဲ့ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားသလို လိုင်ယွန်ကလည်း နောက်ဆုံးကစားထားတဲ့ ပွဲစဉ်လေးပွဲမှာ တစ်ပွဲသာနိုင်ပြီး သုံးပွဲရှုံးနိမ့်ထားတာပါ။ အသင်းလိုက်ကစားအားချင်း သိပ်မကွာတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့တဲ့ပွဲစဉ်ဖြစ်လို့ ဖျော်ဖြေမှုအပြည့်အ၀ပေးတဲ့ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒီလိုပွဲစဉ်မျိုးမှာ အိမ်ရှင်အားသာချက်က ပွဲကိုအဆုံးအဖြတ်ပေးတဲ့အချက်တစ်ခုဖြစ်လာနိုင်လို့ လိုင်ယွန်ဘက်ကပဲ နေကြည့်လိုက်ချင်တယ်။

 

နာပိုလီ - လိုက်ပ်ဇစ်ဂ်ျ

နာပိုလီက လက်ရှိအချိန်မှာ အပြစ်ပြောစရာ ဘာတစ်ခုမှ မရှိလောက်အောင်ကို တည်ငြိမ်မှုအပြည့်ရှိနေပါတယ်။ ချန်ပီယံလိဂ်ကနေ အုပ်စုတတိယအဖြစ်နဲ့ ရှုံးနိမ့်ထွက်ခွာလာခဲ့ရတဲ့ လိုက်ပ်ဇစ်ဂ်ျဟာ မနှစ်တုန်းကလို စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားခြင်း မရှိတော့ပါဘူး။ အထူးသဖြင့် လိုက်ပ်ဇစ်ဂ်ျဟာ ဥရောပအဆင့်မှာ ပေမီဒေါက်မီဖြစ်ဖို့အတွက် လိုအပ်ချက်တွေ အများကြီးရှိလို့နေပါတယ်။ နာပိုလီတိုက်စစ်ကို လိုက်ပ်ဇစ်ဂ်ျက ခံစစ်သက်သက်နဲ့ တုံ့ပြန်သွားရမှာပါ။ နာပိုလီနဲ့ စွန့်စားလိုက်ကြရအောင်လား။

 

ဆဲလ်တစ် - ဇင်းနစ်

ရုရှားကလပ် ဇင်းနစ်ရဲ့ခြေစွမ်းက ရှုံးထွက်အဆင့်တွေကို ရောက်လာပြီဆိုရင် စိတ်မချရတာမျိုးတွေ ဖြစ်လာတတ်လေ့ရှိပါတယ်။ ဇင်းနစ်ဟာ အုပ်စုအဆင့်တုန်းကလိုမျိုး တိုက်စစ်ဖွင့်ကစားတာမျိုးတွေ မလုပ်လောက်တော့ဘဲ ပွဲထိန်းဖို့ကိုသာ ဦးတည်သွားမှာပါ။ ဆဲလ်တစ်က အိမ်ကွင်းပွဲစဉ်တွေမှာဆိုရင် အတိုင်းအတာတစ်ရပ်အထိ စိတ်ချရပါတယ်။ ဇင်းနစ်ရဲ့အိမ်ကွင်းဆီကိုသွားရောက်ရမယ့် ဒုတိယအကျော့ပွဲစဉ်က သူတို့အတွက် မလွယ်နိုင်လို့ ဒီပွဲမှာ အနိုင်ရလဒ်ကို ရယူနိုင်မှသာ ဆဲလ်တစ်အတွက် စိတ်ချရပါလိမ့်မယ်။ ဆဲလ်တစ် ကပ်နိုင်ပါလိမ့်မယ်။

 

 

အေအီးကေအေသင် - ဒိုင်နမိုကိဗ်

နှစ်သင်းလုံးက ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ အေအီးကေအေသင်က နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်လေးပွဲဆက်တိုက် ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့ဖြတ်သန်းခဲ့သလို ဒိုင်နမိုကိဗ်ကလည်း နောက်ဆုံးကစားထားတဲ့ ပွဲစဉ်ငါးပွဲမှာ လေးပွဲနိုင်၊ တစ်ပွဲသရေရလဒ်ကို ပိုင်ဆိုင်ရရှိခဲ့တာ မမေ့သင့်ပါဘူး။ အိမ်ကွင်းပွဲစဉ်တွေဆိုရင် ပုံစံကောင်းပြသနိုင်လေ့ရှိတဲ့ အေအီးကေအေသင်ခံစစ်ကို ဒိုင်နမိုကိဗ် ထိုးဖောက်ကျော်ဖြတ်နိုင်ဖို့ ခက်ပါတယ်။ အေအီးကေအေသင်ကို ရွေးပါ။

 

ကိုပင်ဟေဂင် - အက်သလက်တီကို

အက်သလက်တီကိုရဲ့အဝေးကွင်းစွမ်းဆောင်ရည်က စိတ်ချရတဲ့အနေအထားမျိုး မဟုတ်ပါဘူး။ ထိပ်တန်းအဆင့်တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် အက်သလက်တီကိုဟာ အဝေးကွင်းပွဲစဉ်တွေမှာဆိုရင် ဂိုးတစ်ဂိုးရဖို့အတွက် အသည်းအသန် ရုန်းကန်နေရတာက ရုပ်ပျက်လွန်းလှပါတယ်။ အိမ်ကွင်းကစားအားကောင်းတဲ့ ကိုပင်ဟေဂင်ကြောင့် အက်သလက်တီကို မျှော်မှန်းထားသလောက် လုပ်ပြနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သရေဟာ နှစ်သင်းလုံးအတွက် မျှတတဲ့အဖြေ ဖြစ်ပါလိမ့်မယ်။ ကိုပင်ဟေဂင်ကို အားပေးပါ။