News

POST TYPE

SPORTS

အေအက်ဖ်စီဖလား အုပ်စုအဖွင့်ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက် အနိုင်ရပြီး ရှမ်းယူနိုက်တက် ရှုံးနိမ့်
13-Feb-2018


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အေအက်ဖ်ဖီဖလား ဘောလုံးပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် အဝေးကွင်း၌ အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းကမူ အိမ်ကွင်းပရိသတ်ရှေ့မှောက်၌ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်ကို တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့ကြောင်း သိရသည်။

ရန်ကုန်ယူနိုက်တက်သည် ပွဲအစ ၁၅ မိနစ်မှ ၂၅ မိနစ်အတွင်း သွင်းဂိုးသုံးဂိုးလုံးကို ရယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အတွက် အဖွင့်ဂိုးကို အီမန်နျူရယ်လ်က ၁၅ မိနစ်တွင် လည်းကောင်း၊ ဆိုင်းလာက ၁၈ မိနစ်နှင့် ၂၅ မိနစ်တို့တွင် ဒုတိယဂိုးနှင့် တတိယဂိုးတို့ကိုလည်းကောင်း အသီးသီး သွင်းယူပေးသွားခဲ့ခြင်းဖြစ်သည်။

ဘာလီယူနိုက်တက်သည် ပထမပိုင်းပြီးဆုံးခါနီးတွင် ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြီး ယင်းဂိုးကို ဂျီဒီက ရယူပေးသွားခဲ့ခြင်းဖြစ်သည်။ ဘာလီယူနိုက်တက်သည် ပွဲကစားချိန် ၈၄ မိနစ်တွင် ပင်နယ်တီအခွင့်အရေး ရရှိခဲ့သော်လည်း ယင်းပင်နယ်တီကို ကန်သွင်းရာတွင် ဘောလုံးမှာ ဂိုးအပြင်သို့ထွက်ကာ ဂိုးလွန်ဘောဖြစ်သွားခဲ့သည့်အတွက် ဒုတိယချေပဂိုးရနိုင်မည့်အခွင့်အလမ်းကို ဆုံးရှုံးသွားခဲ့ရသည်။

ရှမ်းယူနိုက်တက်နှင့် ဟုမ်းယူနိုက်တက်တို့ ပွဲစဉ်တွင် ပထမပိုင်း ၄၅ မိနစ်၌ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့ပြီး ဟုမ်းယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုးကို ပွဲကစားချိန် ၇၅ မိနစ်သို့ရောက်မှ အီယောင်ဆောင်းက ရယူပေးသွားနိုင်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်တို့သည် အေအက်ဖ်စီဖလား အုပ်စုဒုတိယပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ အသီးသီး ဆက်လက် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်မှာ ဗီယက်နမ်ကလပ် FLC Thanh Hoa အသင်းကို အိမ်ကွင်းပွဲစဉ်အဖြစ်လည်းကောင်း၊ ရှမ်းယူနိုက်တက်မှာ ကမ္ဘောဒီးယားကလပ် ဘူအန်ကက်အန်ကောကို အဝေးကွင်းပွဲစဉ်အဖြစ်လည်းကောင်း ရင်ဆိုင်သွားကြရမည်ဖြစ်သည်။

Photo Credit - AFC Cup Facebook Page