News

POST TYPE

SPORTS

အဆုံးသတ်ရောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကွန်တီ ကတိပေး
13-Feb-2018


လန်ဒန်၊ ဖေဖော်ဝါရီ ၁၃

ချယ်လ်ဆီးနည်းပြ ကွန်တီသည် ချယ်လ်ဆီးက ၀က်စ်ဘရွန်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ၎င်းအနေနှင့် အသင်းအတွက် အဆုံးသတ်ချိန်တိုင်သည်အထိ တိုက်ပွဲဝင်ကြိုးပမ်းပေးသွားမည်ဟု ကတိပေးစကားပြောကြားလိုက်ပြီး ချယ်လ်ဆီးအသင်းအားပေးသူများကလည်း ကွန်တီကို အားပေးထောက်ခံမှုများ အပြည့်အ၀ ရှိနေဆဲဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ချယ်လ်ဆီးနည်းပြ ကွန်တီသည် ဘုန်းမောက်၊ ၀က်ဖို့ဒ်တို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ချယ်လ်ဆီးအသင်း နှစ်ပွဲဆက်တိုက် ဂိုးပြတ်အရေးနိမ့်လိုက်ရအပြီးတွင် ဖိအားများဖြင့် ရင်ဆိုင်ခဲ့ရပြီး ၀က်စ်ဘရွန်းကို အနိုင်ရလိုက်သည်က ၎င်းအတွက် အသက်ရှူပြန်ချောင်သွားစေခဲ့ခြင်းဖြစ်ကြောင်း ကွန်တီက မှတ်ချက်ပေးထားသေးသည်။

ချယ်လ်ဆီးအသင်းပရိသတ်များသည် ချယ်လ်ဆီးက ၀က်စ်ဘရွန်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွန်တီ၏အမည်ကို ပွဲအစမှနေ၍ အဆုံးတိုင်သည်အထိ ဟစ်ကြွေးကာ ၎င်းကို ယုံကြည်မှုအပြည့်ရှိကြောင်း ထုတ်ဖော်ပြသခဲ့ပြီး ပရိသတ်များ၏ယင်းကဲ့သို့ ထောက်ခံအားပေးမှုကြောင့် ရှေ့လာမည့်အတားအဆီးများကို ရင်ဆိုင်ကျော်ဖြတ်ရန်အတွက် ခွန်အားတစ်ရပ်လည်း ရရှိခဲ့ကြောင်း ကွန်တီက ထုတ်ဖော်အသိပေးသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ကွန်တီက “ကျွန်တော်တို့တွေက မျှော်လင့်ချက်နဲ့ ခရီးသွားနေတာပါ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံဆုံခဲ့ရပေမယ့် လက်ရှိမှာ လမ်းကြောင်းမှန်ထက်ဆီ ပြန်တက်ဖို့ ကျွန်တော်တို့ အသင့်အနေအထားဖြစ်လာခဲ့ပါပြီ။ အသင်းသားတွေအားလုံးကလည်း အခုနိုင်ပွဲကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေ ရရှိသွားကြမှာ ကျိန်းသေပါပဲ။ ကျွန်တော်ဟာ ချယ်လ်ဆီးအတွက် နောက်ဆုံးအချိန်တိုင်တဲ့အထိ အကောင်းဆုံးတိုက်ပွဲဝင်ပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဟာ အကောင်အထည်ပေါ်လာနိုင်ဖို့ အခွင့်အလမ်း အပြည့်အ၀ရှိနေဆဲပါပဲ”ဟု ပြောကြားသွားခဲ့သည်။
ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဆုဖလားလက်မဲ့အနေအထားကို ရင်ဆိုင်ကြုံဆုံရကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်နှင့်လည်း လွဲချော်ခဲ့ရမည်ဆိုပါက နည်းပြကွန်တီကို ရာထူးထုတ်ပယ်လိမ့်မည်ဖြစ်ပြီး ကွန်တီကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်၊ နာပိုလီနည်းပြ ဆာရီနှင့် ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီတို့ကို ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက လျာထားလျက်ရှိသည်။