News

POST TYPE

SPORTS

စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့ကို ရောင်းထုတ်ရန် မော်ရင်ညို စီစဉ်
13-Feb-2018


မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၃

မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းအဓိကခံစစ်ကစားသမားနှစ်ဦးဖြစ်သည့် စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့ကို ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီဖြစ်ပြီး နယူးကာဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့၏စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို မော်ရင်ညိုက သံသ၀င်သွားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

နယူးကာဆယ်က မန်ယူကို အနိုင်ယူသွားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် စမောလင်းသည် ဟန်ဆောင်ဒိုင်ဗင်ထိုးသည့်အတွက် အဝါကတ်ပြသ သတိပေးခြင်းခံခဲ့ရပြီး အဆိုပါဟန်ဆောင်ဒိုင်ဗင်ထိုးသည့်ဖြစ်စဉ်ကြောင့် နယူးကာဆယ်အသင်း ကန်ခွင့်ရသွားခဲ့သော ပြစ်ဒဏ်ဘောမှာ အနိုင်ဂိုးစတင်ရာ လမ်းကြောင်းလည်းဖြစ်သွားခဲ့သည်။

ဖီးလ်ဂျုံးစ်သည် စပါးက မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ကာ လက်ရှိတွင် ၎င်းတို့နှစ်ဦး၏အမှားများလွန်းမှုကို နည်းပြမော်ရင်ညိုက သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မန်ယူသည် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းများအနက်တွင် ပေးဂိုးအနည်းဆုံးအဖြစ် ယခုအချိန်တိုင်သည်အထိ ရပ်တည်နေနိုင်ဆဲဖြစ်ပြီး ဘေလ်လီကို ဒဏ်ရာကြောင့် လက်လွှတ်လိုက်ရခြင်း၊ အသစ်ခေါ်ယူထားသည့် လင်ဒီလော့ဖ် ပရီးမီးယားလိဂ်ကစားဟန်နှင့် အံဝင်ရန် ရုန်းကန်နေရခြင်း စသည့်အချက်များက ခံစစ်ကို ပုံဖော်ရာတွင် မော်ရင်ညိုကို အကျပ်အတည်း ကြီးစွာတွေ့သွားစေခဲ့ခြင်းဖြစ်သည်။

မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းခံစစ်ကြောင်းကို အသစ်ပြင်ဆင်စုဖွဲ့ရန် အစီအစဉ်ရေးဆွဲနေပြီဖြစ်ပြီး မန်ယူနောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်သော ဖီးလ်နဗီးလ်ကလည်း ဖီးလ်ဂျုံးစ်နှင့် စမောလင်းတို့ကိုသာ ဗဟိုခံစစ်တွင် ဆက်လက်အသုံးပြုမည်ဆိုပါက မန်ယူမှာ များမကြာမီတွင် ကပ်ဆိုက်တော့မည်ဟု ဖီးလ်ဂျုံးစ်က မှတ်ချက်ပေးအပ်သွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဖီးလ်နဗီးလ်က “မန်ယူ အရမ်းကံကောင်းနေပါတယ်။ ဂိုးပေါက်မှာ ဒီဂီယာ ရှိနေတယ်။ ခံစစ်ကြောင်းရှေ့မှာ မာတစ် ရှိနေတယ်။ အဲ့ဒီနှစ်ချက်ကြောင့် မန်ယူ သက်သာရာရနေတာပါ။ အဲ့ဒီကစားသမားနှစ်ယောက် တစ်စုံတစ်ခုဖြစ်သွားတာနဲ့ မန်ယူ ဒုက္ခများပါလိမ့်မယ်။ စမောလင်းနဲ့ ဖီးလ်ဂျုံးစ်တို့ဟာ မန်ယူခံစစ်အတွက် ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်နဲ့သာ ရှေ့ဆက်မယ်ဆိုရင် မန်ယူဟာ သိပ်မကြာခင် ကပ်ဆိုက်ပါတော့မယ်”ဟု ပြောကြားသွားခဲ့သည်။