News

POST TYPE

SPORTS

အေဘရာမိုဗစ်ခ်ျက ငြင်းဆန်နေသော်လည်း ဘတ်ရွှာယီကို အပြီးသတ်ဝယ်ယူနိုင်မည်ဟု ဒေါ့မွန် ယုံကြည်ထား

မြူးနစ်၊ ဖေဖော်ဝါရီ ၁၃

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းသည် ချယ်လ်ဆီးထံမှနေ၍ အငှားခေါ်ယူထားသော တိုက်စစ်မှူး ဘတ်ရွှာယီကို အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ရန် စီစဉ်နေပြီဖြစ်ပြီး  ဘတ်ရွှာယီကို ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက အပြီးသတ်ရောင်းချရန် အစီအစဉ်မရှိဟု ငြင်းဆန်ပယ်ချနေသော်လည်း ၎င်းတို့ဘက်က လက်မလျှော့တမ်း ဆက်လက်ကြိုးပမ်းသွားမည်သာဖြစ်ကြောင်း ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

ဘတ်ရွှာယီသည် လွန်ခဲ့သည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ချယ်လ်ဆီးမှနေ၍ ဒေါ့မွန်ထံသို့ ခြောက်လသက်တမ်း အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ဒေါ့မွန်ကို ကိုယ်စားပြု၍ ပွဲထွက်ခွင့်ရခဲ့သည့် ပွဲစဉ်နှစ်ပွဲ၌ပင် ဘတ်ရွှာယီက သွင်းဂိုးသုံးဂိုးအထိ ရယူသွားနိုင်ခဲ့ပြီဖြစ်သည်။

ချယ်လ်ဆီးသည် လက်ရှိတွင် အသင်းတိုက်စစ်ကို အသစ်ခေါ်ယူထားသော ဂျီရုဒ်တစ်ဦးတည်းကိုသာ အားပြု၍ ပုံဖော်နေရပြီး မိုရာတာကိုမူ နောက်ကျောဒဏ်ရာ သက်သာခြင်းမရှိသေးသည့်အတွက် ချယ်လ်ဆီးက အနားပေးထားရဆဲဖြစ်ကာ အခန့်မသင့်ပါက ဂျီရိုနာကို ဘောလုံးရာသီပြီးဆုံးချိန်တိုင်သည်အထိ အနားပေးလိုက်ရနိုင်ကြောင်း နည်းပြကွန်တီက ဖွင့်ဟ၀န်ခံထားပြီလည်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မိုက်ကယ်ဇော့က “ကျွန်တော်တို့အနေနဲ့ ဘတ်ရွှာယီကို အပြီးသတ်ဝယ်ယူဖို့ ဆန္ဒရှိပါတယ်။ ကမ်းလှမ်းမှုတစ်ချို့လည်း လုပ်ထားပြီးပါပြီ။ ဒါပေမဲ့ အောင်မြင်မှုတော့ မရခဲ့ပါဘူး။ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက ဘတ်ရွှာယီကို ရောင်းဖို့ အစီအစဉ် လုံးဝမရှိဘူးလို့ အကြောင်းပြန်ထားပါတယ်။ ဒါပေမဲ့ အခြေအနေအရပ်ရပ်ဟာ အပြောင်းအဲဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အခုဆို ဘတ်ရွှာယီကိုယ်တိုင်ကလည်း ဒေါ့မွန်မှာကစားရတာကို ကျေနပ်ပျော်ရွှင်နေပါပြီ။ ဘောလုံးရာသီပြီးဆုံးချိန်ရောက်ရင် သူ့ကို အပြီးသတ်ဝယ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေနဲ့ နောက်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းသွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။