News

POST TYPE

SPORTS

ဟယ်ရီကိန်းမှာ ထိပ်တန်းအဆင့်ကစားသမားဟု ချီရယ်လ်လီနီ ချီးကျူး၊ အသင်းကြီးတစ်သင်းက အရခေါ်ယူလိမ့်မည်ဟု မှတ်ချက်ပေး

တူရင်၊ ဖေဖော်ဝါရီ ၁၃

ဂျူဗင်တပ်နောက်ခံကစားသမား ချီရယ်လ်လီနီသည် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်သည်ဟု ချီးကျူးစကားပြောလိုက်ပြီး များမကြာမီအချိန်အတွင်း ဟယ်ရီကိန်းကိုခေါ်ယူရန် ထိပ်သီးအသင်းကြီးများက အပြိုင်အဆိုင်ကြိုးပမ်းကြလိမ့်မည်ဟုလည်း ၎င်းက ဆက်လက် မှတ်ချက်ပေးအပ်သွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။

ချီရယ်လ်လီနီသည် ဟယ်ရီကိန်းမှာ အစားထိုးမရနိုင်သည့် ကစားသမားတစ်ဦးဖြစ်သည်ဟု ပြောကြားသွားခဲ့ပြီး လက်ရှိအချိန်တွင် ဟယ်ရီကိန်းမှာ မက်ဆီ၊ စီရော်နယ်ဒို၊ နေမာတို့နှင့် အဆင့်တူ အနေအထားကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်းလည်း ချီရယ်လ်လီနီက ထပ်လောင်း အသိပေးသွားခဲ့သေးသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဟယ်ရီကိန်းကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီး ဟယ်ရီကိန်းကို ရရှိနိုင်မည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀၀ ၀န်းကျင် အသုံးပြုရန်အထိ ပီရက်ဇ်က စီစဉ်ထားလျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ချီရယ်လ်လီနီက “ဟယ်ရီကိန်းဟာ ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးအဆင့်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ အစားထိုးဖို့ခက်တဲ့ ကစားသမားမျိုးဖြစ်တာကြောင့် စပါးက သူ့ကို လက်မလွှတ်ချင်ဖြစ်နေတာပါ။ စီရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့နဲ့ တစ်တန်းတည်းထားလို့ရတဲ့ အနေအထားကို ဟယ်ရီကိန်းက ပိုင်ဆိုင်နေပါပြီ။ လာမယ့်နွေဈေးကွက်မှာ သူ့ကိုခေါ်ယူဖို့ ထိပ်တန်းအသင်းကြီးတွေက အပြိုင်အဆိုင် ကြိုးပမ်းကြပါလိမ့်မယ်။ သူ့ကိုခေါ်ယူချင်တဲ့ အသင်းအရေအတွက်ဟာ အနိမ့်ဆုံးငါးသင်းလောက်အထိ ရှိပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့သည်။