News

POST TYPE

SPORTS

ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် အ၀တ်လဲခန်းအတွင်း၌ မက်ဆီ ၀မ်းနည်းပက်လက် ငိုကြွေးသည်ကို မြင်ခဲ့ဖူးကြောင်း ဆန်းချက်ဇ် အသိပေး

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၂

မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်သည် ၎င်းအနေနှင့် ဘာစီလိုနာထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ချယ်လ်ဆီးကို အရေးနိမ့်ခဲ့ရသည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး၌ အသင်းအ၀တ်လဲခန်းထဲတွင် တိုက်စစ်မှူး မက်ဆီ ၀မ်းနည်းပက်လက် ငိုကြွေးနေသည်ကို မြင်ခဲ့ဖူးကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။

ချယ်လ်ဆီးနှင့် ဘာစီလိုနာတို့သည် ၂၀၁၁-၁၂ ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်၌ ထိပ်တိုက်တွေ့ခဲ့ရာတွင် ချယ်လ်ဆီးက နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီး ချယ်လ်ဆီးနှင့် ဘာစီလိုနာတို့ နှစ်ဂိုးစီသရေကျခဲ့သည့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် မက်ဆီမှာ အ၀တ်လဲခန်းအတွင်း၌ ၀မ်းနည်းပက်လက် ငိုကြွေးခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် ယင်းပွဲစဉ်တွင် ဘာစီလိုနာအသင်း နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရနေချိန်တွင် အသင်းရရှိသည့် ပင်နယ်တီကို တတိယဂိုးအဖြစ် ပြောင်းလဲရန် တာဝန်ယူကန်သွင်းခဲ့ပြီး ယင်းပင်နယ်တီ လွဲချော်သွားခဲ့သည့်အချက်က ပွဲအပြီးတွင် ဘာစီလိုနာကို ကြီးစွာ ရိုက်ခတ်သွားခဲ့သည်။

ချယ်လ်ဆီးတိုက်စစ်မှူး တောရက်စ်သည် ယင်းပွဲစဉ်တွင် အသင်းအတွက် အဖိုးတန် ဒုတိယမြောက်ချေပဂိုးကို ပွဲပြီးခါနီး၌ ဘာစီလိုနာဘက်သို့ သွင်းယူပေးခဲ့ပြီး တောရက်စ်ဂိုးသွင်းယူပြီး များမကြာမီတွင် ဆန်းချက်ဇ်က ဘာစီလိုနာအတွက် ဂိုးတစ်ဂိုး ထပ်သွင်းပေးခဲ့သေးသော်လည်း ၎င်းဂိုးသွင်းယူချိန်တွင် အဲလ်ဗက်စ်က လူကျွံအနေအထားဖြစ်နေခဲ့သည့်အတွက် အဆိုပါသွင်းဂိုးမှာ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆန်းချက်ဇ်က “ဗိုလ်လုပွဲကစားခွင့်ကို လွဲချော်ရပြီဆိုရင် ကစားသမားအားလုံးဟာ စိတ်ထိခိုက် နာကျင်ကြတာပါပဲ။ ဒါဟာ ဘောလုံးအားကစားနည်းရဲ့အစိတ်အပိုင်းတစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၂ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီးကို နှစ်ကျော့ပေါင်းရလဒ်နဲ့ရှုံးနိမ့်ပြီး ဗိုလ်လုပွဲကစားခွင့်ကို ဘာစီလိုနာအသင်းလွဲချော်လိုက်ရတော့ အသင်းရဲ့အ၀တ်လဲခန်းထဲမှာ မက်ဆီ ၀မ်းနည်းပက်လက် ငိုကြွေးနေတာကို ကျွန်တော် မြင်ခဲ့ဖူးပါတယ်။ ဒီလိုဖြစ်ခဲ့ရတာ သူ့အမှား မကင်းဘူးဆိုတဲ့ ခံစားချက်လည်း ဖြစ်နေပုံပါပဲ။ ကစားသမားတွေဟာ သူတို့ဆီက အကောင်းဆုံးဆိုတဲ့အရာတွေကိုချည်း ပေးချင်ကြတာပါ။ ဒါပေမဲ့ ပရိသတ်တွေက ဒါကို မသိမမြင်ကြပါဘူး”ဟု ပြောကြားသွားခဲ့သည်။