News

POST TYPE

SPORTS

စီရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့နှင့်ယှဉ်ပြိုင်၍ ဘလွန်းဒီအော်ဆုကို ဒီဘရိုင်နေး စိန်ခေါ်နိုင်စွမ်းရှိလာခဲ့ပြီဟု ဂွါဒီယိုလာ မှတ်ချက်ပေး

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၂

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ကွင်းလယ်ကစားသမား ဒီဘရိုင်နေးမှာ စီရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့နှင့်ယှဉ်ပြိုင်၍ ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို စိန်ခေါ်နိုင်စွမ်းရှိလာခဲ့ပြီဟု မှတ်ချက်ပေးပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဒီဘရိုင်နေးသည် မန်စီးတီးက လက်စတာကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းအတွက် ဂိုးဖန်တီးမှုသုံးကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းသို့သော စွမ်းဆောင်ရည်မျိုးကို ချန်ပီယံလိဂ်ပြိုင်ပွဲ၌ပါ ထုတ်ဖော်ပြသနိုင်ခဲ့မည်ဆိုပါက ဒီဘရိုင်နေးမှာ ဘလွန်းဒီအော်ဆု ဆန်ခါတင်စာရင်းတွင် ကျိန်းသေပါဝင်လာလိမ့်မည်ဟု ဂွါဒီယိုလာက အသိပေးသွားခဲ့သည်။

ဒီဘရိုင်နေးသည် နောက်ဆုံးငါးနှစ်တာကာလ ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ၎င်းကိုယ်စားပြုခဲ့သည့်အသင်းများအတွက် ဂိုးဖန်တီးမှု အကြိမ်အရေအတွက် စုစုပေါင်း ၇၇ ကြိမ် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ယင်းဂိုးဖန်တီးနိုင်မှု အကြိမ်အရေအတွက် စုစုပေါင်းမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏နောက်ဆုံးငါးနှစ်တာကာလအတွင်း ဂိုးဖန်တီးပေးနိုင်မှု အကြိမ်အရေအတွက်ထက် တစ်ကြိမ်ပိုများကြောင်း စစ်တမ်းများက ဖော်ပြထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “ဒီဘရိုင်နေးက ထိပ်တန်းအဆင့်စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူ့ရဲ့ဂိုးဖန်တီးနိုင်စွမ်းနဲ့ ဂိုးရယူနိုင်စွမ်းတွေက ဘလွန်းဒီအော်ဆုကို ရယူနိုင်ဖို့အထိ ထိုက်တန်လာခဲ့ပါပြီ။ ဒါပေမဲ့ ဒါတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ သူ လုပ်ပြနိုင်ဖို့ လိုပါတယ်။ သေချာတာက ဘလွန်းဒီအော်ဆုအတွက် ဒီဘရိုင်နေးဟာ စီရော်နယ်ဒို၊ မက်ဆီနဲ့ နေမာတို့ကို ယှဉ်နိုင်စွမ်းအပြည့် ရှိလာခဲ့ပါပြီ”ဟု ပြောကြားသွားခဲ့သည်။