News

POST TYPE

SPORTS

အသင်းတိုက်စစ်မှူးများ၏အဆုံးသတ်မသေချာမှုကို မော်ရင်ညို အပြစ်တင်

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၂

မန်ယူနည်းပြ မော်ရင်ညိုသည် နယူးကာဆယ်က မန်ယူကို တစ်ဂိုး ဂိုးမရှိခဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အသင်းတိုက်စစ်မှူးများ၏အဆုံးသတ်မသေချာမှုကို ဝေဖန်အပြစ်တင်သွားခဲ့ပြီး နယူးကာဆယ်အသင်း ဂိုးသွင်းမယူမီတွင် မန်ယူအနေနှင့် ဂိုးရနိုင်ရန် အခွင့်အလမ်းကောင်းပေါင်းများစွာကို ဖန်တီးနိုင်ခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သည်က လွန်စွာ စိတ်ပျက်ဖွယ်ရာကောင်းကြောင်း မော်ရင်ညိုက ဆက်လက် ပြောကြားသွားခဲ့သေးသည်ဟု Daily Star က ဖော်ပြထားသည်။

မော်ရင်ညိုသည် လုကာကု၊ ဆန်းချက်ဇ်နှင့် မာရှယ်လ်တို့၏ဂိုးကန်သွင်းချက်များအနက်မှနေ၍ ဂိုးတစ်ဂိုး ရရှိကာ ပွဲကို ဦးဆောင်လိုက်နိုင်မည်ဆိုပါက မန်ယူမှာ အနိုင်ရလဒ်ကို ကျိန်းသေရယူနိုင်ခဲ့မည်သာဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ဂိုးပေးလိုက်ရသည့်ဖြစ်စဉ်တွင်လည်း ပေါ့ဂ်ဘာနှင့် မာတစ်တို့ ခေါင်းခုန်တိုက်ရန် ပျက်ကွက်ခဲ့သည်ကို မော်ရင်ညိုက မေးခွန်းထုတ်သွားခဲ့သေးသည်။

နယူးကာဆယ်သည် ကွင်းလယ်မှနေ၍ ရှယ်လ်ဗေးပြစ်ဒဏ်ဘောကန်တင်ပေးလိုက်သည်ကို လီဂျူနေးက ခေါင်းတိုက်ချပေးလိုက်ရာကတစ်ဆင့် ဂေးလီက ဖနောင့်ဖြင့်ပေါက်ကာ ချပေးလိုက်သည်ကို လူကပ်ခြင်း ခံမထားရသည့် ရစ်ချီက တိကျသေချာသွာ အဆုံးသတ်လိုက်ရာကတစ်ဆင့် အနိုင်ဂိုးရသွားခဲ့ခြင်းဖြစ်ပြီး လီဂျူနေး ခေါင်းခုန်တိုက်ချိန်တွင် ပေါ့ဂ်ဘာနှင့် မာတစ်တို့က ၎င်းနှင့်အပြိုင် ခေါင်းခုန်တိုက်ရန် ပျက်ကွက်ခဲ့သည်ကို မော်ရင်ညိုက ထောက်ပြသွားခဲ့ခြင်းဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုအတွင်း ချယ်လ်ဆီးနှင့် မန်ယူတို့ကို ဦးဆောင်၍ နယူးကာဆယ်အသင်းပိုင် စိန့်ဂျိမ်းပါ့ခ်ဘောလုံးကွင်းသို့ ပရီးမီးယားလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် ခုနစ်ကြိမ် လာရောက်ခဲ့ပြီးပြီဖြစ်ကာ ယင်းပွဲစဉ်ခုနစ်ပွဲလုံးတွင် မော်ရင်ညိုဦးဆောင်သည့်အသင်းများ နိုင်ပွဲရယူနိုင်ခြင်း မရှိခဲ့သည်မှာ ထူးခြားချက်တစ်ရပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “အရမ်းကို စိတ်ပျက်ရပါတယ်။ ကျွန်တော် ဦးဆောင်တဲ့ အသင်းတွေ ဒီဘောလုံးကွင်းမှာ ဂိုးမသွင်းနိုင်ခဲ့တာ ၁၀ နာရီရှိလာခဲ့ပါပြီ။ ဒီပွဲမှာလည်း ဦးဆောင်ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးတွေကို ကျွန်တော်တို့ဘက်ကချည်း မရပ်မနား ဖန်တီးနိုင်ခဲ့တာပါ။ တိုက်စစ်မှူးတွေ အဆုံးသတ်မသေချာခဲ့တာကတော့ စိတ်ပျက်စရာပါပဲ။ ဂိုးပေးလိုက်ရတဲ့ဖြစ်စဉ်မှာလည်း ကျွန်တော့်ကစားသမားနှစ်ယောက်က နယူးကာဆယ်ကစားသမားနဲ့ ခေါင်းယှဉ်တိုက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဘောလုံးလာရာလမ်ကြောင်းကို ဟန့်တားဖို့အတွက် သူတို့နှစ်ယောက်သာ ခုန်လိုက်မယ်ဆိုရင် အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲသွားမှာပါ”ဟု ပြောကြားသွားခဲ့သည်။