News

POST TYPE

SPORTS

မန်ယူကို များမကြာမီတွင် ကျော်တက်ပြမည်ဟု ဂျာဂင်ကလော့ပ် ကြုံးဝါး
12-Feb-2018


လီဗာပူး၊ ဖေဖော်ဝါရီ ၁၂

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ၎င်းတို့အနေနှင့် များမကြာမီတွင် မန်ယူကို ကျော်ဖြတ်၍ အမှတ်ပေးဇယား၏အဆင့်နှစ်နေရာကို ရယူတော့မည်ဟု ကြုံးဝါးပြောကြားလိုက်ပြီး နယူးကာဆယ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် မန်ယူရှုံးနိမ့်လိမ့်မည်ဟု ၎င်းအနေနှင့် လုံးဝပင် မှတ်ထင်မထားခဲ့ဟုလည်း ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးသွားခဲ့သေးကြောင်း The Mirror က ဖော်ပြထားသည်။

လီဗာပူးသည် ဆောက်သမ်တန်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိလိုက်သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် အမှတ်ပေးဇယား၏အဆင့်သုံးနေရာသို့ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ကာ လက်ရှိတွင် လီဗာပူးနှင့် အမှတ်ပေးဇယား၏အဆင့်နှစ်နေရာ၌ ရပ်တည်နေသော မန်ယူအကြား အမှတ်ကွာဟချက်ပမာဏမှာ နှစ်မှတ်မျှသာ ကျန်ရှိတော့သည်။

ဂျာဂင်ကလော့ပ်သည် မန်ယူမှာ ရှေ့လာမည့်ပွဲစဉ်များတွင် ခြေစွမ်းမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သေးသည်ဟု အခိုင်အမာ ယုံကြည်လျက်ရှိပြီး ဆန်းချက်ဇ် ရောက်ရှိမလာမီတွင် အဝေးကွင်းပွဲစဉ်ခြောက်ပွဲဆက်တိုက် ရှုံးပွဲမရှိဖြတ်သန်းနိုင်ခဲ့သော မန်ယူမှာ ဆန်းချက်ဇ်ကို ခေါ်ယူရရှိပြီးသည့်နောက်တွင်မှ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် နှစ်ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲနှင့် အရေးနိမ့်သွားခဲ့ရပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂျာဂင်ကလော့ပ်က “နယူးကာဆယ်နဲ့ပွဲမှာ မန်ယူရှုံးသွားလိမ့်မယ်လို့ ကျွန်တော် လုံးဝကို ထင်မထားခဲ့တာပါ။ အခုတော့ အခွင့်အရေးက ကျွန်တော်တို့ရှေ့ကို ရောက်လာခဲ့ပါပြီ။ ရမှတ် နှစ်မှတ်ဆိုတာဟာ ပွဲစဉ်တစ်ပွဲစာ ပမာဏပဲ ရှိပါတော့တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ဂရုစိုက်ရမှာက အမှားအယွင်းတွေ ထပ်မဖြစ်ဖို့ပါပဲ။ ကိုယ့်ဘက်က နိုင်ပွဲတွေဆက်နေခဲ့ရင် ကိုယ့်ပြိုင်ဘက်က ဖိအားတွေများပြီး အမှားတွေ လုပ်လာပါလိမ့်မယ်။ အခွင့်အရေးကို ဖန်တီးခွင့်ဟာ ကျွန်တော်တို့လက်ထဲကို ရောက်လာခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ မန်ယူကို ကျွန်တော်တို့ ကျော်တက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။