News

POST TYPE

SPORTS

ပရီးမီးယားလိဂ်တွင် တာဝန်ထမ်းဆောင်ရန် အင်းနရစ် ဆုံးဖြတ်ချက်ချ၊ အာဆင်နယ် သို့မဟုတ် ချယ်လ်ဆီးကို တာဝန်ယူမည်
12-Feb-2018


ဘာစီလိုနာ၊ ဖေဖော်ဝါရီ ၁၂

ဘာစီလိုနာနည်းပြဟောင်း လူးဝစ္စအင်းနရစ်သည် လာမည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သို့ လာရောက်တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ချက်ချထားပြီဖြစ်ပြီး လန်ဒန်မြို့ခံအသင်းများဖြစ်သည့် အာဆင်နယ်နှင့် ချယ်လ်ဆီးအနက်မှတစ်သင်းကို အင်းနရစ်က တာဝန်ယူဖြစ်လိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် နည်းပြ အာစင်ဝင်းဂါး ရာထူးနုတ်ထွက်သွားခဲ့မည်ဆိုပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် အင်းနရစ်ကို ခေါ်ယူလိုလျက်ရှိပြီး အသင်းထံတွင် ဘာစီလိုနာအားကစားဒါရိုက်တာ ဆနယ်လီဟီ ရှိထားနှင့်ပြီးဖြစ်သည့်အတွက် အင်းနရစ်ကို ခေါ်ယူလိုပါက လွယ်လင့်တကူဖြစ်နိုင်လိမ့်မည်ဟု အာဆင်နယ်အသင်းတာဝန်ရှိသူများက မျှော်လင့်ထားကြသည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည်လည်း လက်ရှိဘောလုံးရာသီတွင် အသင်းအနေနှင့် ဆုဖလားလက်မဲ့ဘောလုံးရာသီကို ရင်ဆိုင်ကြုံဆုံရကာ ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်ကို ဆုံးရှုံးခဲ့ရမည်ဆိုပါက နည်းပြကွန်တီကို ရာထူးထုတ်ပယ်ရန် စီစဉ်ထားပြီဖြစ်ပြီး အကယ်၍ နည်းပြကွန်တီကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အင်းနရစ်ဖြင့် အစားဖြည့်ရန် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်။

အီတလီစီးရီးအေကလပ် အေစီမီလန်နှင့် ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီတို့သည်လည်း အင်းနရစ်ကို ခေါ်ယူရန် စောင့်ကြည့်မှုများ ရှိနေပြီး ၎င်းအနေနှင့် ဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာ အလုပ်လက်ခံရန် ဆုံးဖြတ်ထားသည်မှာ တာဝန်ယူသည့်အသင်းကို ၎င်းစိတ်ကြိုက်ပုံစံဖြင့် အစကစ၍ ပုံဖော်လိုခြင်းကြောင့်ဖြစ်ကြောင်း အင်းနရစ်က ရှင်းပြထားသည်။