News

POST TYPE

SPORTS

မော်ရင်ညိုထက် အာစင်ဝင်းဂါးနှင့် အလုပ်လုပ်ရသည်က ပိုမိုနှစ်လိုဖွယ်ကောင်းကြောင်း မစ်ခီတာယန် အသိပေး
11-Feb-2018


မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၁

အာဆင်နယ်ကွင်းလယ်ကစားသမား မစ်ခီတာယန်သည် ၎င်းအတွက် မန်ယူနည်းပြ မော်ရင်ညိုနှင့် အလုပ်လုပ်ခဲ့ရသည်ထက် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့်လက်တွဲအလုပ်လုပ်ရသည်က ပိုမို နှစ်လိုဖွယ်ရာကောင်းလှသည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း The Sun က ဖော်ပြထားသည်။

မစ်ခီတာယန်သည် အာဆင်နယ်ထံတွင် ၎င်း၏ထိပ်တန်းအဆင့်စွမ်းဆောင်ရည်များကို ပြန်လည်ရရှိနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေပြီး မန်ယူနည်းပြ မော်ရင်ညိုမှာ ကစားသမားတစ်ယောက်ထံမှနေ၍ လုပ်နိုင်စွမ်းထက်ပို၍ အရာရာကို တောင်းဆိုတတ်လေ့ရှိသည့်အတွက် လက်တွဲအလုပ်လုပ်ရသည်မှာ လွန်စွာခက်ခဲလှကြောင်း မစ်ခီတာယန်က အသိပေးသွားခဲ့သည်။

မစ်ခီတာယန်သည် ၎င်းအနေနှင့် မန်ယူထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း အခက်အခဲများဖြင့် ရင်ဆိုင်ကြုံဆုံခဲ့ရသော်လည်း အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားပေးခဲ့ကြောင်းလည်း ပြောကြားသွားခဲ့ကာ ယမန်နှစ်ဘောလုံးရာသီတွင် မန်ယူအသင်း ချာရတီဒိုင်း၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်တို့ကို ဆွတ်ခူးရရှိခဲ့ရာ၌ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့သည်ကိုမူ ကျေနပ်မိကြောင်း မစ်ခီတာယန်က မှတ်ချက်ပေးအပ်သွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မစ်ခီတာယန်က “မန်ယူဆီမှာ ကျွန်တော် တစ်နှစ်ခွဲကြာ ကစားသမားဘ၀ ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ ဒီကာလအပိုင်းအခြားအတွင်း အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးရယူနိုင်ခဲ့တာကတော့ ကျွန်တော့်အတွက် အမှတ်တရဖြစ်စရာပါပဲ။ ဒါပေမဲ့ နည်းပြမော်ရင်ညိုနဲ့ လက်တွဲအလုပ်လုပ်ရတာဟာ ကျွန်တော့်အတွက် အဆင်မပြေခဲ့ပါဘူး။ မော်ရင်ညိုဟာ ကစားသမားတစ်ယောက်ဆီက လုပ်နိုင်စွမ်းထက်ပိုပြီး တောင်းဆိုတတ်လေ့ရှိပါတယ်။ အခုလက်တွဲအလုပ်လုပ်နေရတဲ့ နည်းပြအာစင်ဝင်းဂါးကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ကစားသမားတစ်ယောက်ဆီက မျှခြေတစ်ရပ်ကိုပဲ တောင်းဆိုတတ်သူပါ။ အာစင်ဝင်းဂါးနဲ့လက်တွဲအလုပ်လုပ်ရတာက သဟဇာတဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ နည်းပြအာစင်ဝင်းဂါးလက်အောက်မှာ အတိတ်ကာလတုန်းကလို စွမ်းဆောင်ရည်မျိုး ပြန်လည်ရရှိနိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။