News

POST TYPE

SPORTS

လူငယ်ကစားသမား ခေါ်ယူမှု စည်းမျဉ်းများချိုးဖောက်ခဲ့သည့် ရီးယဲလ်နဲ့ အက်သလက်တီကိုတို့ ကစားသမားခေါ်ယူခွင့် တစ်နှစ် ပိတ်ပင်ခံရ
09-Sep-2016
လာလီဂါ ကလပ်အသင်းတွေ ဖြစ်ကြတဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကို အသင်းတွေကို လူငယ်ကစားသမား ခေါ်ယူခြင်းနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်ဆိုပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ကစားသမားခေါ်ယူခွင့် တစ်နှစ် ပိတ်ပင်လိုက်ပါတယ်။

အဲဒီအကျိုးဆက် အနေနဲ့ ရီးယဲလ်နဲ့ အက်သလက်အသင်းတွေဟာ ၂၀၁၈ ဇန်နဝါရီလမှသာ ကစားသမား ခေါ်ယူမှုတွေကို စတင်ပြုလုပ်နိုင်တော့မှာ ဖြစ်ပြီး ကြားကာလ အပြောင်းအရွှေ့ အချိန်တွေမှာတော့ လူငယ်အသင်းတွေက ကစားသမားတွေကို အသင်းကြီးဆီ ခေါ်ယူအသုံးပြုခွင့် ရှိနေပါတယ်။

ဒီလိုပြစ်ဒဏ်ချခံရခြင်းနဲ့ ပတ်သက်ပြီး ရီးယဲလ်အသင်းဖက်က ဘာအသံမှ မထွက်ပေမယ့် အက်သလက်အသင်းကတော့ အားကစားခုံရုံးအထိ အယူခံဝင်သွားဖို့ ပြင်ဆင်နေပြီး သူတို့အနေနဲ့ တရားမဝင် လူငယ်ကစားသမား ခေါ်ယူခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

ကစားသမား ခေါ်ယူခွင့် ပိတ်ပင်ခြင်းဟာ အသင်းကစားသမားတွေကို ရောင်းချတာ၊ ကစားသမားသစ်တွေ အသင်းဆီ ရောက်ရှိလာတာကိုသာ ငြင်းဆိုခြင်းဖြစ်ပြီး စပိန်ကလပ် နှစ်သင်းအနေနဲ့ လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ လိုချင်တဲ့ ကစားသမားတွေကို စာချုပ်ချုပ်ခွင့်ကတော့ ရှိနေပါသေးတယ်၊ ဒါပေမယ့် အဲဒီကစားသမားကတော့ ပြစ်ဒဏ်ကာလ ပြည့်သွားတဲ့ ၂၀၁၈ ဇန်နဝါရီမှသာ အသင်းအတွက် ကစားခွင့် ရှိမှာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကတော့ ဘာစီလိုနာလည်း အဲဒီလို အဖြစ်အပျက်မျိုး ကြုံခဲ့ရဖူးပြီး သူတို့လက်မှတ်ထိုး ခေါ်ယူထားတဲ့ အာဒါတူရန်၊ ဗီဒယ် စတဲ့ ကစားသမားတွေကို ပြစ်ဒဏ်ကာလ ပြည့်ချိန်မှသာ အသုံးပြုခဲ့ရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အနေနဲ့ စပိန်ကလပ် နှစ်သင်းကို ကစားသမားခေယူခွင့် ပြစ်ဒဏ်အပြင် ဒဏ်ငွေလည်း ချမှတ်ခဲ့ပြီး ရီးယဲလ်အသင်းက ဒေါ်လာ ၃၇၀၀၀၀ နဲ့ အက်သလက်အသင်းက ဒေါ်လာ ၉၃၀၀၀၀ တို့ကို ဒဏ်ငွေအဖြစ် ပေးဆောင်ခဲ့ရပါတယ်။

Ref: thehimalayastimes