News

POST TYPE

SPORTS

ဂျာဂင်ကလော့ပ်၏ကမ်းလှမ်းမှုကို လီရွိုင်းဆိန်း နှစ်ကြိမ်တိုင် ငြင်းဆန်ခဲ့၊ ဂွါဒီယိုလာကြောင့် မန်စီးတီးကို ရွေးဖြစ်သွားခဲ့သည်ဟု ဂန်ဒိုဂန် ဆို
13-Jan-2018


မန်ချက်စတာ၊ ဇန်နဝါရီ ၁၃

မန်စီးတီးတိုက်စစ်တောင်ပံကစားသမား လီရွိုင်းဆိန်းသည် ၎င်းအနေနှင့် မန်စီးတီးထံသို့ မပြောင်းရွှေ့မီတွင် လီဗာပူးထံသို့ ပြောင်းရွှေ့ရန်အတွက် နည်းပြဂျာဂင်ကလော့ပ်ထံမှနေ၍ ဆက်သွယ်မှုများရခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ဂျာဂင်ကလော့ပ်မှာ ဒေါ့မွန်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေစဉ်ကာလကတည်းကပင် လီရွိုင်းဆိန်းကိုခေါ်ယူရန် ချိတ်ဆက်ခဲ့ဖူးခြင်းဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။

ဒေါ့မွန်ထံတွင် ဂျာဂင်ကလော့ပ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ၎င်း၏ညာလက်ရုံးတစ်ဦးဖြစ်ခဲ့သူ လက်ထောက်နည်းပြ ဒေးဗစ်ဝက်ဂ်နာသည် လီရွိုင်းဆိန်းကိုခေါ်ယူရန် အကြံပြုတိုက်တွန်းခဲ့ဖူးပြီး ယင်းအချိန်က လီရွိုင်းဆိန်းမှာ ရှော်ကေးထံတွင် အကယ်ဒမီသင်တန်းသားအဖြစ် ပညာဆည်းပူးနေဆဲကာလဖြစ်သည်။

သို့သော် လီရွိုင်းဆိန်းသည် ဒေါ့မွန်နှင့် ရှော်ကေးတို့အကြားရှိ ခါးသီးသော ဒါဘီဆက်ဆံရေးအခြေအနေများကြောင့် နည်းပြဂျာဂင်ကလော့ပ်၏ကမ်းလှမ်းမှုကို ငြင်းဆန်ကာ ရှော်ကေးထံတွင်သာ ကစားသမားဘ၀ဆက်လက်ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး မန်စီးတီးထံသို့ မပြောင်းရွှေ့မီတွင်လည်း ဂျာဂင်ကလော့ပ်က ၎င်းကို လီဗာပူးထံသို့ ပြောင်းရွှေ့ကစားရန် စည်းရုံးရေးဆင်းခဲ့သေးကြောင်း လီရွိုင်းဆိန်းက ထုတ်ဖော်အသိပေးထားသည်။

လီရွိုင်းဆိန်းနည်းတူ အခြားသော မန်စီးတီးကစားသမားတစ်ဦးဖြစ်သော ဂန်ဒိုဂန်ကလည်း နည်းပြ ဂျာဂင်ကလော့ပ်မှာ ၎င်းကို လီဗာပူးထံသို့ ပြောင်းရွှေ့ကစားရန် အမြဲတစေ ကမ်းလှမ်းခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပြီး ၎င်းအနေနှင့် လီဗာပူးထံသို့ မပြောင်းရွှေ့ဖြစ်ခဲ့ဘဲ မန်စီးတီးကို ရွေးချယ်လိုက်သည်မှာ နည်းပြဂွါဒီယိုလာကြောင့်ဖြစ်သည်ဟုလည်း ဂန်ဒိုဂန်က ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂန်ဒိုဂန်က “ဂျာဂင်ကလော့ပ်နဲ့ ကျွန်တော့်အကြားမှာ ကွဲပြားခြားနားတဲ့ကိစ္စရပ်ပေါင်းများစွာကို ဆွေးနွေးစကားပြောဆိုတာမျိုးတွေ ဒီကနေ့ထိတိုင် ရှိနေဆဲပါပဲ။ ကျွန်တော်ဟာ သူသဘောကျနှစ်ခြိုက်တဲ့ကစားသမားစာရင်းမှာ အမြဲပါဝင်ခဲ့ဖူးပါတယ်။ ကျွန်တော့်ကို လီဗာပူးဆီခေါ်ယူဖို့အတွက်လည်း သူက ကြိုးပမ်းခဲ့ဖူးတာ အမှန်ပါပဲ။ ဒါပေမဲ့ အဲ့ဒီကမ်းလှမ်းမှုကို ကျွန်တော် ငြင်းဆန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နည်းပြဂွါဒီယိုလာရဲ့ဦးဆောင်မှုအောက်မှာ ကစားသမားဘ၀ကို ဖြတ်သန်းနိုင်ဖို့ အခွင့်အလမ်းတစ်ရပ် ရောက်ရှိလာခဲ့လို့ပါပဲ။ ဒါကြောင့်ပဲ မန်စီးတီးကို ကျွန်တော် ရွေးချယ်ဖြစ်သွားခဲ့တာပါ”ဟု အသိပေးသွားခဲ့သည်။