News

POST TYPE

SPORTS

ရာသီကုန်ချိန်တွင် ရာထူးနုတ်ထွက်ဖြစ်နိုင်ကြောင်း ကွန်တီ အရိပ်အမြွက်ပြော
13-Jan-2018 tagged as Soccer Premier League Conte Chelsea


လန်ဒန်၊ ဇန်နဝါရီ ၁၃

ချယ်လ်ဆီးနည်းပြ ကွန်တီသည် ၎င်းအနေနှင့် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ချယ်လ်ဆီးကိုစွန့်ခွာဖြစ်နိုင်ကြောင်း အရိပ်အမြွက် အသိပေးလိုက်ပြီဖြစ်ပြီး ဘောလုံးလောကတွင် မဖြစ်နိုင်သော အရာဟူသည်မှာ မရှိဘဲ အရာရာမှာ ဖြစ်နိုင်ခြေအပြည့်ရှိကြောင်း ကွန်တီက ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

ကွန်တီနှင့် ချယ်လ်ဆီးအသင်းအကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် သက်တမ်းအားဖြင့် ၁၈ လမျှသာ ကျန်ရှိတော့ပြီး အသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်များနှင့် ဆက်ဆံရေးအဆင်မပြေခြင်းက ကွန်တီကို ရာထူးနုတ်ထွက်ဖြစ်စေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။

ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနှင့် အီတလီဘောလုံးအဖွဲ့ချုပ်တို့သည် ကွန်တီကို ခေါ်ယူရန်အတွက် အပြိုင်အဆိုင် စိတ်ဝင်စားမှုများရှိနေပြီး လက်ရှိတွင်မူ ချယ်လ်ဆီးအတွက် အကောင်းဆုံး ဆက်လက် အလုပ်လုပ်ပေးသွားရေးကိုသာ ၎င်းအနေနှင့် အာရုံစူးစိုက်ထားဆဲဖြစ်ကြောင်း၊ အနာဂတ်နှင့် သက်ဆိုင်သည့် အကြောင်းအချင်းအရာများကို ဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာ စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကွန်တီက ရှင်းပြထားသည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ကွန်တီ ရာထူးနုတ်ထွက်သွားခဲ့ပါက ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီကိုခေါ်ယူရန် စီစဉ်နေပြီဖြစ်ကာ အယ်လ်လီဂရီနှင့် ချယ်လ်ဆီးအကြားတွင် မူအရ အကြိုသဘောတူညီချက်များပင် ရရှိထားပြီဖြစ်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ကွန်တီက “ကျွန်တော်နဲ့ ချယ်လ်ဆီးအသင်းအကြားမှာ စာချုပ်သက်တမ်း ကျန်ရှိနေဆဲပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာ မဖြစ်နိုင်တဲ့အရာရယ်လို့ မရှိပါဘူး။ ဒီနေ့ ဒီနေရာမှာ ရှိနေပေမယ့် နောက်တစ်ရက်ရောက်ရင် နောက်တစ်နေရာမှာ ဘ၀ရှင်သန်နေတာမျိုး လူတိုင်းဖြစ်တတ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်ဟာ ချယ်လ်ဆီးအတွက် အလုပ်လုပ်ပေးနေဆဲပါ။ အကောင်းဆုံးဖြစ်အောင် ဆက်လက် အလုပ်လုပ်ပေးသွားဖို့ပဲ အာရုံစူးစိုက်ထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။