News

POST TYPE

SPORTS

ပီအက်စ်ဂျီထံသို့ ပြောင်းရွှေ့ခဲ့ခြင်းက နေမာ၏ကစားသမားဘ၀ကို ဆုတ်ယုတ်သွားစေကြောင်း ရော်နယ်ဒို သုံးသပ်
13-Jan-2018 tagged as Soccer Neymar PSG Ligue Ronaldo


လန်ဒန်၊ ဇန်နဝါရီ ၁၃

ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် ရော်နယ်ဒိုသည် ပီအက်စ်ဂျီထံသို့ နေမာ ပြောင်းရွှေ့ခဲ့ခြင်းကို ဝေဖန်စကားများ ပြောကြားလိုက်ပြီဖြစ်ပြီး ယင်းလုပ်ရပ်မှာ နေမာ၏ကစားသမားဘ၀ဖြတ်သန်းမှုကို တိုးတက်မှုထက် ဆုတ်ယုတ်မှု ပိုများသွားစေခဲ့ကြောင်း ရော်နယ်ဒိုက ထောက်ပြသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

ပီအက်စ်ဂျီသည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ နေမာကို ဘာစီလိုနာထံမှနေ၍ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၉၈ သန်း ပေးချေခေါ်ယူခဲ့ခြင်းဖြစ်ကာ နေမာကို ယင်းကဲ့သို့ ငွေကုန်ကြေးကျခံ ခေါ်ယူခဲ့သည်မှာ ဥရောပအဆင့်တွင် ထိပ်သီးအသင်းကြီးအဆင့်မျိုးဖြင့် ရပ်တည်လိုခြင်းကြောင့်ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည်။

နေမာသည် လက်ရှိဘောလုံးရာသီတွင် ပီအက်စ်ဂျီကို ကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်တွင် ပွဲစဉ်ပေါင်း ၂၂ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာ၌ သွင်းဂိုး ၂၀ ရယူပေးထားနိုင်ပြီဖြစ်ပြီး လက်ရှိတွင် ၎င်းကိုခေါ်ယူရန်အတွက် စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်မှုများရှိနေပြီလည်းဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ နေမာသည် ၎င်းအနေနှင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ပိုင်ရှင် ဖြစ်လာနိုင်စေရန် ရည်ရွယ်၍ ပီအက်စ်ဂျီထံသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ဖူးပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ကမူ ရီးရဲလ်မက်ဒရစ်ထံသို့ နေမာ ပြောင်းရွှေ့ခဲ့မည်ဆိုပါက ယင်းရည်မှန်းချက်မှာ လွယ်လင့်တကူဖြင့်ပင် ပြည့်ဝသွားလိမ့်မည်ဟု အသိပေးထားသည်။

ရော်နယ်ဒိုသည် ဘာစီလိုနာကို ၎င်းစွန့်ခွာချိန်တွင် ပိုမိုပြင်းထန်သည့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နိုင်ရန်အတွက် အင်တာမီလန်ကို ရွေးချယ်ခဲ့ကြောင်း အသိပေးသွားခဲ့ပြီး နေမာကမူ အမြင့်သို့ရောက်နေရာမှနေ၍ အနိမ့်သို့ဆင်းကာ ကစားရန် ဆုံးဖြတ်လိုက်ခြင်းအတွက် နားမလည်နိုင်အောင်ပင်ဖြစ်ရကြောင်း ရော်နယ်ဒိုက မှတ်ချက်ပေးထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ရော်နယ်ဒိုက “ကျွန်တော်လည်း နေမာနည်းတူ ဘာစီလိုနာကို စွန့်ခွာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်သစ်တစ်ခုရှိရာဆီကို ကျွန်တော် ခရီးဆက်ခဲ့တာပါ။ ပြိုင်ဘက်ကောင်းတွေ၊ အသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်လိုတဲ့အတွက် စီးရီးအေကို ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ နေမာကတော့ ကျွန်တော်နဲ့ ပြောင်းပြန်အနေအထားမျိုးပါပဲ။ ပြင်သစ်လီဂူးမှာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်တွေကို သူက ထုတ်ဖော်ပြသနေပေမယ့် ဂုဏ်ယူစရာတော့ မကောင်းလှပါဘူး။ ဒီပတ်ဝန်းကျင်မှာ သူ့ကို ယှဉ်နိုင်စွမ်းရှိသူရယ်လို့ ခပ်ရှားရှားပါ။ တိုးတက်ချင်တဲ့ကစားသမားတစ်ယောက်ဆိုတာ ပြိုင်ဘက်ကောင်းတွေရဲ့ပံ့ပိုးမှုကို ရရှိဖို့လည်း လိုပါတယ်”ဟု ပြောကြားသွားခဲ့သည်။