News

POST TYPE

SPORTS

ဒီဂီယာကို အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်လုပ်ခလစာပေး၍ စာချုပ်သစ်ချုပ်ရန် မန်ယူ စီစဉ်

မန်ချက်စတာ၊ ဇန်နဝါရီ ၁၃

မန်ယူအသင်းတာဝန်ရှိသူများသည် ဂိုးသမား ဒီဂီယာကို အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်လုပ်ခလစာတစ်ရပ်ပေးချေ၍ စာချုပ်သစ်ချုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

မန်ယူသည် ချယ်လ်ဆီးအသင်းက ဂိုးသမား ကော်တွာကို စာချုပ်သစ်ချုပ်ရန်အတွက် အပြီးသတ်သဘောတူညီချက် ရယူလိုက်နိုင်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာအပြီးတွင် ရီးရဲလ်မက်ဒရစ်က ဒီဂီယာဘက်သို့ တစ်ကျော့ပြန်လည် ဦးလှည့်မှုများရှိလာမည်ကို စိုးရိမ်ပူပန်နေပြီဖြစ်ကာ ယင်းအတွက် ဒီဂီယာကို စာချုပ်သစ်ချုပ်ရန် မန်ယူက စီမံစိုင်းပြင်းလာခြင်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ဒီဂီယာနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လာမည့် ၂၀၁၉ ခုနှစ် ဇွန်လတိုင်သည်အထိ သက်တမ်းကျန်ရှိနေဆဲဖြစ်ကာ စာချုပ်သစ်တွင် ဒီဂီယာ၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ပေါင်သုံးသိန်းအထိ တိုးမြှင့်ပေးရန် မန်ယူက စီစဉ်ထားပြီဖြစ်သည်။

ဒီဂီယာသည် လက်ရှိတွင် မန်ယူထံ၌ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင် ၂၁၀,၀၀၀ ရရှိနေပြီး အသင်းဘက်က ကမ်းလှမ်းရန် စီစဉ်ထားသော စာချုပ်သစ်ကို လက်ခံခဲ့မည်ဆိုပါက ဒီဂီယာမှာ မန်ယူအသင်းသမိုင်းကြောင်းတစ်လျှောက်တွင် လုပ်ခလစာအကျိုးခံစားခွင့် အများဆုံးရသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားတော့မည်လည်းဖြစ်သည်။

ချယ်လ်ဆီးသည် ကော်တွာကို တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းဖြင့် စာချုပ်သစ်ချုပ်ရန် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး မန်ယူက ဒီဂီယာကို ကမ်းလှမ်းမည့်စာချုပ်သစ်မှာ ၎င်းကို ကမ္ဘာ့လုပ်ခလစာအများဆုံးရ ဂိုးသမားအဖြစ် စံချိန်တင်နိုင်စေရန်လည်း အထောက်အပံ့ပေးလိမ့်မည်ဖြစ်သည်။

ဒီဂီယာသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရောက်ရှိရန် လွန်စွာနီးစပ်ခဲ့ဖူးပြီး မန်ယူနှင့် ရီးရဲလ်မက်ဒရစ်တို့အကြားတွင် အပြောင်းအရွှေ့အတွက် စာရွက်စာတမ်းလွှဲပြောင်းပေးအပ်မှု အချိန်နောက်ကျခဲ့ခြင်းကြောင့် ယင်းအပြောင်းအရွှေ့မှာ အဆုံးသတ်တွင် ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်သည်။