News

POST TYPE

SPORTS

ဆန်းချက်ဇ်အတွက် မန်စီးတီး ပေါင်သန်း ၄၀ မပေးလို၊ ဆန်းချက်ဇ်မှာ စံပြကစားသမားဟု မော်ရင်ညို ချီးကျူး

လန်ဒန်၊ ဇန်နဝါရီ ၁၃

မန်စီးတီးအသင်းတာဝန်ရှိသူများသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူရရှိနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ရာတွင် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပြီဖြစ်ပြီး ဆန်းချက်ဇ်အတွက် အာဆင်နယ်ဘက်က သတ်မှတ်တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ကို မန်စီးတီးဘက်က ပေးချေလိုခြင်း မရှိသည်မှာ အပြောင်းအရွှေ့အထမြောက်နိုင်ရေးအတွက် ကြီးစွာသောအတားအဆီးတစ်ရပ်သဖွယ် ဖြစ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်စီးတီးသည် လက်ရှိတွင် ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ရန်အတွက် မန်ယူနှင့်ယှဉ်ပြိုင်ကြိုးပမ်းနေရပြီး မန်ယူမှာ ဆန်းချက်ဇ်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ သန်းနှင့် အေးဂျင့်ခ ပေါင်ငါးသန်း အသုံးပြုရန် အသင့်ပြင်ထားပြီးဖြစ်သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ၎င်းနှင့် မန်ယူနည်းပြ မော်ရင်ညိုအကြားတွင် ပုဂ္ဂိုလ်ရေးအရ သဘောထားတင်းမာမှုများ ရှိနေသည့်အတွက် ဆန်းချက်ဇ်ကို မန်ယူထံသို့ ရောင်းမထုတ်လိုဘဲ မန်စီးတီးထံသို့သာ လက်လွှတ်ပေးလိုက်လိုလျက်ရှိကာ ကာယကံရှင်ကစားသမားဖြစ်သူကလည်း ၎င်း၏ဆရာဟောင်းဖြစ်ခဲ့ဖူးသူ ဂွါဒီယိုလာရှိရာ မန်စီးတီးထံသို့သာ ပြောင်းရွှေ့ခွင့်ရနိုင်ရန် ဆန္ဒပြင်းပြလျက်ရှိသည်။

မန်စီးတီးသည် ဆန်းချက်ဇ်ကို ခေါ်ယူရေးတွင် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၂၀ ၀န်းကျင်မျှသာ အသုံးပြုလိုလျက်ရှိပြီး ယင်းအတွက် အာဆင်နယ်အသင်းတာဝန်ရှိသူများက ၎င်းတို့အတွက် ဘဏ္ဍာရေးအကျိုးအမြတ် ပိုမိုရရှိနိုင်မည့် မန်ယူထံသို့သာ ဆန်းချက်ဇ်ကို လက်လွှတ်လိုက်လိုစိတ် ရှိနေကြသည်။

နည်းပြ အာစင်ဝင်းဂါးသည် ၎င်းတို့အနေနှင့် ဆန်းချက်ဇ်ကွက်လပ်ကို အစားဖြည့်ရန်အတွက် ကစားသမားတစ်ဦး ခေါ်ယူနိုင်ပြီးမှသာလျှင် ဆန်းချက်ဇ်ကို ရောင်းချရေးအား အပြီးသတ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အသိပေးထားပြီး လက်ရှိတွင် နည်းပြအာစင်ဝင်းဂါး၏လျာထားစာရင်း၌ လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်၊ ဘော်ဒိုးတိုက်စစ်တောင်ပံကစားသမား မယ်လ်ကွမ်နှင့် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာတို့ ပါရှိနေကြသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ဆန်းချက်ဇ်မှာ စံပြတန်းဝင် ကစားသမားတစ်ဦးဖြစ်သည်ဟု ထုတ်ဖော်ချီးကျူးထားပြီး ၎င်းအနေနှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တိုင်သည်အထိ အချိန်မစောင့်လိုဘဲ လက်ရှိဇန်နဝါရီဈေးကွက်အတွင်း၌ပင် ဆန်းချက်ဇ်ကိုခေါ်ယူလိုကြောင်းလည်း မော်ရင်ညိုက ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည်။