News

POST TYPE

SPORTS

အာဆင်နယ်နည်းပြအဖြစ် လာမည့်ဘောလုံးရာသီတွင် အာစင်ဝင်းဂါး ဆက်ရှိမည်၊ ပိုမိုတောင့်တင်းသည့် အာဆင်နယ်ကို မြင်ရမည်ဟု ကတိပေး
13-Jan-2018


လန်ဒန်၊ ဇန်နဝါရီ ၁၃

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ၎င်းအနေနှင့် ရာထူးနုတ်ထွက်ဖွယ်ရှိသည်ဟု သတင်းခန့်မှန်းချက်များ ထွက်ပေါ်နေခြင်းကို ငြင်းဆန်ပယ်ချလိုက်ပြီး ယခုချုပ်ဆိုထားသည့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တိုင်သည်အထိ အာဆင်နယ်နည်းပြအဖြစ် ၎င်းဆက်ရှိနေမည်မှာ သေချာကြောင်း အာစင်ဝင်းဂါးက ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

ဗြိတိန်သတင်းမီဒီယာများသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်အသင်း ဆုဖလားလက်မဲ့အခြေအနေဖြင့် ဘောလုံးရာသီပိတ်သိမ်းရခြင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါက နည်းပြအာစင်ဝင်းဂါးမှာ ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်လိုက်နိုင်သည်ဟု သုံးသပ်ထားပြီး အာစင်ဝင်းဂါးနေရာကို အစားဝင်၍ အာဆင်နယ်နည်းပြသစ်ဖြစ်လာရန် အန်စလော့တီနှင့် အာတီတာတို့က ရေပန်းစားနေကြလျက်ရှိသည်။

အာစင်ဝင်းဂါးသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် အသင်းကို ပိုမိုအင်အားတောင့်တင်းစေရန်အတွက် ကစားသမားသစ်များ ခေါ်ယူရန်လည်း အစီအစဉ်ရေးဆွဲနေပြီဖြစ်ပြီး အိုဇေးလ်ကို အသင်း၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန်ကိုလည်း အာစင်ဝင်းဂါးက ပြင်ဆင်နေပြီဖြစ်သည်။

အာစင်ဝင်းဂါးသည် ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့အနက် တစ်ဦးကိုသာ ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီး နောက်ဆုံးတစ်ကြိမ်အဖြစ် အိုဇေးလ် အလိုရှိသည့် လုပ်ခလစာကို ပေး၍ စာချုပ်သစ်ချုပ်ရေးကို တစ်ကျော့ပြန်လည် ကြိုးပမ်းကြည့်ရန် အာစင်ဝင်းဂါးက ဆန္ဒရှိနေသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အာစင်ဝင်းဂါးက “ကျွန်တော်နဲ့ အသင်းအကြားမှာ စာချုပ်သက်တမ်းရှိနေဆဲပါပဲ။ ရိုးရိုးရှင်းရှင်းပဲ ပြောကြရအောင်။ စာချုပ်သက်တမ်းပြီးဆုံးတဲ့အထိ အာဆင်နယ်ဆီမှာ ကျွန်တော် ဆက်ရှိသွားဖို့ လုံးဝသေချာပါတယ်။ အသင်းကို လာမယ့်နွေရာသီကာလရောက်ရင် အခုထက်ပိုပြီး အင်အားတောင့်တင်းအောင် ပုံဖော်ဖို့လည်း ကျွန်တော်တို့ စီမံထားပြီးပါပြီ။ အိုဇေးလ်ကို စာချုပ်သစ်ချုပ်မယ့်ကိစ္စကိုလည်း ဆက်လက် ဆွေးနွေးနေဆဲပါပဲ။ အစစအရာရာ အဆင်ပြေသွားလိမ့်မယ်လို့ ကျွန်တော်တို့ အကောင်းမြင်မျှော်လင့်ထားပါတယ်”ဟု ပြောကြားသွားခဲ့သည်။