News

POST TYPE

SPORTS

အယ်လ်လီကို တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင်တစ်သိန်းပေး၍ စာချုပ်သစ်ချုပ်ရန် စပါး စီစဉ်
11-Jan-2018


လန်ဒန်၊ ဇန်နဝါရီ ၁၁

စပါးအသင်းတာဝန်ရှိသူများသည် ကွင်းလယ်ကစားသမား အယ်လ်လီကို စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ပြီး ယင်းစာချုပ်သစ်တွင် အယ်လ်လီ၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ပေါင်တစ်သိန်းထိ ပေးအပ်သွားရန် စပါးအသင်းတာဝန်ရှိသူများက ဆုံးဖြတ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

စပါးနည်းပြ ပိုချက်တီနိုသည် အသင်းအဓိကကစားသမားနှစ်ဦးဖြစ်သည့် အယ်လ်လီနှင့် ဟယ်ရီကိန်းတို့ကို ပြိုင်ဘက်ကလပ်များက ကမ်းလှမ်းဆက်သွယ်ရန် ပြင်ဆင်နေခြင်းကြောင့် စိုးရိမ်ပူပန်မှုများရှိနေပြီး လက်ရှိတွင် အယ်လ်လီမှာ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်အဖြစ် ပေါင်ငါးသောင်းသာ ရရှိနေသည်။

အယ်လ်လီနှင့် စပါးအသင်းအကြားတွင် ချုပ်ဆိုထားသော စာချုပ်သည် လာမည့် ၂၀၂၂ ခုနှစ် ဇွန်လတိုင်သည်အထိ သက်တမ်းကျန်ရှိနေဆဲဖြစ်ပြီး လက်ရှိတွင် အယ်လ်လီကိုခေါ်ယူရန် မန်ယူ၊ ပီအက်စ်ဂျီနှင့် ရီးရဲလ်မက်ဒရစ်တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဟယ်ရီကိန်းနှင့် အယ်လ်လီတို့ နှစ်ဦးလုံးကို အသင်းထံသို့ ခေါ်ယူနိုင်ရန် နည်းလမ်းရှာဖွေနေပြီး လာမည့်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် တစ်နေရာစာကို စပါးအသင်း ရယူနိုင်ခြင်း မရှိခဲ့ပါက ယင်းကစားသမားနှစ်ဦးလုံးမှာ အသင်းပြောင်းရန် ကြိုးပမ်းကြမည့် အရိပ်အယောင်များရှိနေပြီဖြစ်ကြောင်း ဆက်လက်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။