News

POST TYPE

SPORTS

ဝီလ်ရှိုင်းယား ခြေမျက်စိ ထိခိုက်ဒဏ်ရာရရှိ၊ ဗီဒီယိုဒိုင်လူကြီးစနစ်ကို အပြည့်အ၀ ထောက်ခံကြ
11-Jan-2018


လန်ဒန်၊ ဇန်နဝါရီ ၁၁

အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားသည် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ခရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် ခြေမျက်စိထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် လာမည့်တနင်္ဂနွေနေ့၌ ဘုန်းမောက်နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရဖွယ်ရှိနေပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

အာဆင်နယ်အသင်းဆေးအဖွဲ့သည် လက်ရှိအချိန်တွင် ဝီလ်ရှိုင်းယား၏ဒဏ်ရာအခြေအနေကို စစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ပြီး ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူလိုက်ရမည်ကို ဝီလ်ရှိုင်းယားက လွန်စွာ စိုးရိမ်ပူပန်လျက်ရှိသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် များမကြာမီကမှ ဝီလ်ရှိုင်းယားကို ပုံမှန်ပွဲထွက်ကစားသမားအဖြစ် အခွင့်အရေးအချို့ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ဒဏ်ရာပြဿနာကြောင့် အနားယူရမည့်အခြေအနေ တစ်ကျော့ပြန်လည် ဖြစ်ပေါ်လာခဲ့ပါက ရရှိထားသော အခွင့်အရေးများ ဆုံးရှုံးသွားမည်ကို ဝီလ်ရှိုင်းယားက တွေးပူနေခြင်းဖြစ်သည်။

ဝီလ်ရှိုင်းယားသည် လာမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်လက်ရွေးစင်အသင်း ကိုယ်စားပြု ကစားသမားတစ်ယောက်အဖြစ် ကစားခွင့်ရရန် ဆန္ဒရှိနေပြီး ယင်းအခွင့်အရေးကို ရရှိနိုင်ရန်အတွက် အာဆင်နယ်ထံတွင် ပုံမှန်ပွဲထွက်ကစားသမားနေရာတစ်ခုကို ၎င်းက ထိန်းသိမ်းထားနိုင်ရန် လိုအပ်လျက်ရှိသည်။

ရုပ်သံအစီအစဉ်တင်ဆက်သူများအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဂျေမီရက်နပ်နှင့် အွန်နရီတို့သည် အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းခရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့၌ ထည့်သွင်းအသုံးပြုသွားခဲ့သည့် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ်ကို အပြည့်အ၀ ထောက်ခံသွားခဲ့ပြီး ပွဲစဉ်အတွင်း ကစားသမားများဘက်က ပင်နယ်တီတောင်းဆိုခဲ့သည့်အခြေအနေများကို ဗီဒီယိုလက်ထောက်ဒိုင်လူကြီးစနစ်၏အကူအညီဖြင့် ကွင်းလယ်ဒိုင်လူကြီး မာတင်အက်ကင်ဆန်က ပြတ်ပြတ်သားသားပင် ငြင်းဆန်ပယ်ချသွားနိုင်ခဲ့ကြောင်း အွန်နရီက ပြောကြားသွားခဲ့သည်။