News

POST TYPE

SPORTS

ပေါင် ၁၃ သန်း ပိုပေးပါက နာဘီကီတာကို ယခုဈေးကွက်အတွင်း လက်လွှတ်ပေးမည်ဟု လီဗာပူးကို လိုက်ပ်ဇစ်ဂ်ျ အကြောင်းပြန်
11-Jan-2018


လီဗာပူး၊ ဇန်နဝါရီ ၁၁

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်ဂ်ျအသင်းသည် လီဗာပူးကို ၎င်းတို့၏ကွင်းလယ်ကစားသမား နာဘီကီတာအား လက်ရှိဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း ခေါ်ယူလိုပါက နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် ပြောင်းရွှေ့ကြေးပမာဏထက် ပေါင် ၁၃ သန်း ပိုပေးရမည်ဟု တောင်းဆိုလိုက်ပြီဖြစ်ကြောင်း The Bild က ဖော်ပြထားသည်။

လီဗာပူးသည် နာဘီကီတာကို လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ခေါ်ယူရန်အတွက် အပြီးသတ် သဘောတူညီချက်တစ်ရပ် ရရှိထားပြီးဖြစ်ကာ နှစ်ဦးနှစ်ဖက်အကြားတွင် နာဘီကီတာအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၈ သန်းဖြင့် သဘောတူညီမှုရထားခြင်းဖြစ်ကြောင်း လိုက်ပ်ဇစ်ဂ်ျအသင်းတာဝန်ရှိသူတစ်ဦးက ရှင်းပြပြောဆိုသွားခဲ့သည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ကော်တင်ညိုကို ဘာစီလိုနာထံသို့ ပြောင်းရွှေ့ခွင့်ပေးအပ်လိုက်အပြီးတွင် ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ကစားသမားသစ်တစ်ဦး ပြန်လည်ခေါ်ယူရန် အစီအစဉ် ရေးဆွဲနေပြီး လိုက်ပ်ဇစ်ဂ်ျဘက်က တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေးပမာဏကို ပေးချေကာ နာဘီကီတာကို ခေါ်ယူလိုက်မည်ဆိုပါက ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ပြဌာန်းထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် ငြိစွန်းသည့်အခြေအနေမျိုးဖြစ်ပေါ်လာနိုင်သည်ကို လီဗာပူးက စိုးရိမ်ရလိမ့်မည်ဖြစ်သည်။

လီဗာပူးသည် လက်ရှိတွင် ဆောက်သမ်တန်နောက်ခံလူ ဗန်ဒစ်ဂ်ျကို ကလပ်အသင်းသမိုင်းကြောင်းတစ်လျှောက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏဖြစ်သည့် ပေါင် ၇၅ သန်း အသုံးပြုခေါ်ယူခဲ့ပြီးဖြစ်ကာ ဂျာဂင်ကလော့ပ် ပစ်မှတ်ထားနေသည့် ကစားသမားများအနက်တွင် လက်စတာတိုက်စစ်တောင်ပံကစားသမား မာရက်ဇ်လည်း ပါဝင်လျက်ရှိသည်။