News

POST TYPE

SPORTS

ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် မော်ရင်ညိုနှင့်ပြောဖြစ်ခဲ့သော စကားများကို ဂျပ်စတင်ကလွိုက်ဗတ် အသိပေး
11-Jan-2018


အမ်စတာဒမ်၊ ဇန်နဝါရီ ၁၁

အေဂျက်အသင်း တိုက်စစ်တောင်ပံကစားသမား ဂျပ်စတင်ကလွိုက်ဗက်သည် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် နည်းပြ မော်ရင်ညိုနှင့် ပြောဖြစ်ခဲ့သည့် စကားများကို ပြန်ပြောင်း အသိပေးလိုက်ပြီဖြစ်ပြီး နည်းပြ မော်ရင်ညိုမှာ ၎င်းကို မန်ယူထံသို့ ပြောင်းရွှေ့ကစားရန် စည်းရုံးရေးဆင်းခဲ့ခြင်း မဟုတ်ဘဲ ငယ်ဘ၀၏ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောင်းပြောပြခဲ့ခြင်းမျှသာဖြစ်သည်ဟု ဂျပ်စတင်ကလွိုက်ဗက်က ပြောကြားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် မန်ယူက အေဂျက်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယမန်နှစ်ဘောလုံးရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် ဂျပ်စတင်ကလွိုက်ဗက်ကို တရင်းတနှီးတွေ့ဆုံ၍ အချိန်ပေးစကားပြောဆိုခဲ့ကာ ယင်းစကားပြောဆိုမှုကို နှုတ်ခမ်းလှုပ်ရှားပုံကိုကြည့်၍ စကားအဓိပ္ပါယ်ဖော်နိုင်သော ပညာရှင်များ၏အကူအညီဖြင့် သတင်းမီဒီယာများက မော်ရင်ညိုမှာ ကလွိုဝက်ဗက်ကို မန်ယူထံသို့ ပြောင်းရွှေ့ကစားရန်အတွက် စည်းရုံးရေးဆင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရေးသားခဲ့ကြသည်။

ကလွိုက်ဗက်သည် မန်ယူနည်းပြ မော်ရင်ညိုမှာ ၎င်းကို လူမမယ် ကလေးဘ၀ကတည်းကပင် သိရှိခဲ့သူဖြစ်ကြောင်း၊ ယင်းကာလ၌ ၎င်း၏ဖခင်မှာ ဘာစီလိုနာထံတွင် ကစားသမားဘ၀ဖြတ်သန်းနေပြီး မော်ရင်ညိုက နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသောကာလဖြစ်ကြောင်း ရှင်းပြသွားခဲ့ကာ ကလွိုက်ဗက်မှာ တိုက်စစ်ဘယ်တောင်ပံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြကစားနေသောအချက်က မော်ရင်ညိုအတွက် မျက်စိကျဖွယ်ရာဖြစ်နေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ကလွိုက်ဗက်က “ကျွန်တော်နဲ့ မော်ရင်ညိုတို့က သာမန်အကြောင်းအရာတွေကိုပဲ ပြောခဲ့ကြတာပါ။ ဒါကို သတင်းမီဒီယာတွေက ပုံကြီးချဲ့ရေးသားနေကြတာပဲဖြစ်ပါတယ်။ နည်းပြမော်ရင်ညိုဟာ ကျွန်တော့်ကို ကလေးလေးဘ၀ကတည်းက သိခဲ့သူဖြစ်ပါတယ်။ အဲ့ဒီတုန်းက အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောဖြစ်ခဲ့တာထက် ဘာတစ်ခုမှ မပိုခဲ့ပါဘူး”ဟု ပြောကြားသွားခဲ့သည်။