News

POST TYPE

SPORTS

မန်စီးတီးအသင်း၏မှတ်တမ်းရုပ်သံရိုက်ကူးရေးအဖွဲ့ကို မန်ယူအသင်း အ၀တ်လဲခန်းအတွင်းသို့ ၀င်ခွင့်မပေး

မန်ချက်စတာ၊ ဒီဇင်ဘာ ၇

မန်ယူအသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် မန်စီးတီးနှင့်ယှဉ်ပြိုင်ကစားမည့် မန်ချက်စတာဒါဘီပွဲစဉ်၌ မန်စီးတီးအသင်း၏မှတ်တမ်းရုပ်သံရိုက်ကူးရေးအဖွဲ့ကို အ၀တ်လဲခန်းများရှိရာသို့ လာရောက်ခွင့်ပေးမည် မဟုတ်ဟု သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်စီးတီးအသင်းသည် ပွဲစဉ်တစ်ပွဲ မတိုင်မီ ကြိုတင်ပြင်ဆင်ပုံများကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လွှင့်ရန်အတွက် Amazon နှင့် စပွန်ဆာစာချုပ် ချုပ်ဆိုထားပြီး ယင်းစာချုပ်အရ မန်စီးတီးမှာ တစ်နှစ် စပွန်ဆာကြေးပမာဏ ပေါင် ၁၀ သန်း ၀င်ငွေရရှိသွားမည်ဖြစ်သည်။

Amazon သည် မန်စီးတီးအသင်း၏ပွဲစဉ်တစ်ပွဲမတိုင်မီ လေ့ကျင့်ပြင်ဆင်ပုံများ၊ အ၀တ်လဲခန်းတွင်း အခြေအနေများနှင့် နည်းဗျူဟာခင်းကျင်းခြင်းများကို လေးလကြာမျှ မှတ်တမ်းရုပ်သံ ရိုက်ကူးရန် သဘောတူညီမှု ရယူထားခြင်းဖြစ်ပြီး မန်ယူမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်များတွင်မူ ရိုက်သံရိုက်ကူးရေးအဖွဲ့ အ၀တ်လဲခန်းအတွင်းသို့ ၀င်ရောက်နိုင်ရန် မန်စီးတီးက ခွင့်ပြုချက်ရယူနိုင်ခဲ့သည်ချည်းဖြစ်သည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ၎င်းတို့၏ဥမင်လမ်းအတွင်း၌ ရုပ်သံရိုက်ကူးရေးအဖွဲ့ ၂၃ ဖွဲ့ ရှိထားနှင့်ပြီးဖြစ်၍ မန်စီးတီး၏မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ပါ ဥမင်လမ်းအတွင်းသို့ ထပ်မံရောက်ရှိလာမည်ဆိုပါက အဆင်မပြေမှုများရှိလာနိုင်သည်ဟု အကြောင်းပြကာ မန်စီးတီး၏တောင်းဆိုချက်ကို ငြင်းဆန်ပယ်ချလိုက်ခြင်းဖြစ်ပြီး Amazon လုပ်ငန်းစု တာဝန်ရှိသူများကမူ မန်ချက်စတာဒါဘီပွဲစဉ်အတွက် မန်စီးတီးအသင်း ပြင်ဆင်ဆောင်ရွက်သည်များကို မှတ်တမ်းရုပ်သံရိုက်ကူးခွင့် မရရှိသည်မှာ ၎င်းတို့အတွက် ကြီးစွာသောဆုံးရှုံးမှုပင်ဖြစ်သည်ဟု ထုတ်ဖော်အသိပေးထားသည်။