News

POST TYPE

SPORTS

ရှုံးပွဲတစ်ပွဲ လိုအပ်နေချိန်တွင် ရှုံးပွဲကြုံလိုက်ရသည့်အတွက် ကျေနပ်မိကြောင်း ဂွါဒီယိုလာ ဖွင့်ဟ

မန်ချက်စတာ၊ ဒီဇင်ဘာ ၇

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ရှက်တာဒိုးနက်က မန်စီးတီးကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် အသင်းအနေနှင့် ရှုံးပွဲတစ်ပွဲ တွေ့ကြုံသင့်နေပြီဖြစ်သော အခြေအနေ၌ ရှုံးပွဲတစ်ပွဲ အချိန်ကိုက် ရောက်ရှိလာသည့်အတွက် ကျေနပ်မိကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

မန်စီးတီးသည် အာဆင်နယ်ကို ယမန်နှစ်ဘောလုံးရာသီ၌ နှစ်ဂိုး တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ပြီးသည့်နောက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၂၈ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းဖြင့် ဖြတ်သန်းနိုင်ခဲ့ပြီး ရှက်တာဒိုးနက်က မန်စီးတီး၏ယင်းမှတ်တမ်းကောင်းကို ရပ်တန့်ပစ်သွားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာသည် အသင်းတစ်သင်းအနေနှင့် နိုင်ပွဲဆက်မှု ရှည်ကြာလာချိန်တွင် ရှုံးနိမ့်ချိန်၌ ခံစားရသော စိတ်ခံစားချက် မည်သို့မည်ပုံရှိသည်ကို မေ့လျောကာ အောက်ခြေလွတ်သွားတတ်လေ့ရှိကြောင်း  မှတ်ချက်ပေးသွားခဲ့ပြီး ယခုကဲ့သို့ ရှုံးပွဲတစ်ပွဲဖြင့် ကြုံဆုံလိုက်ရခြင်းက ရှေ့လာမည့်ပွဲများတွင် အသင်းသားများကို နှစ်ဆတိုး၍ ကြိုးစားစေရန် တွန်းအားတစ်ရပ်ဖြစ်လာစေလိမ့်မည်ဟုလည်း ဂွါဒီယိုလာက အသိပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “ကျွန်တော်တို့ တစ်ချိန်လုံး အနိုင်ရနေမှာ မဟုတ်ဘူးလို့ ဟိုးအရင်ကတည်းက ပြောထားပြီးသားပါ။ အသင်းတစ်သင်းဟာ အချိန်မရွေး ရှုံးသွားနိုင်ပါတယ်။ ဒါပေမဲ့ ရှုံးသင့်ရှုံးထိုက်တဲ့အချိန်မှာ ရှုံးလိုက်ဖို့က အရေးအကြီးဆုံးပါပဲ။ အခုရှုံးပွဲကို ကျွန်တော် ကျေနပ်ပါတယ်။ ဒီရှုံးပွဲကနေ ပြန်လည်နိုးထနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းကြရတော့မှာပါ။ လာမယ့် တနင်္ဂနွေနေ့ရောက်ရင် ပရီးမီးယားလိဂ်ပွဲစဉ် ကျွန်တော်တို့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ဒါဟာ အရှုံးရလဒ်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံး အခိုက်အတန့်ဖြစ်လာပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့သည်။