News

POST TYPE

SPORTS

၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပုံမှန်အောင်မြင်သည့်အသင်း ကိုးသင်းသာရှိ
15-Nov-2017 tagged as Soccer World Cup


လန်ဒန်၊ နိုဝင်ဘာ ၁၅

ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရရေးအတွက် ခြေစစ်ပွဲယှဉ်ပြိုင်ရာ၌ ပုံမှန်ခြေစစ်ပွဲအောင်မြင်သည့် အသင်းအရေအတွက်မှာ ကိုးသင်းသာရှိတော့ကြောင်း The Sun က ဖော်ပြထားသည်။

၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် ၂၀၀၂ ခုနှစ်၌ ဂျပန်နှင့်တောင်ကိုရီးယား၊ ၂၀၀၆ ခုနှစ်၌ ဂျာမနီ၊ ၂၀၁၀ ပြည့်နှစ်၌ တောင်အာဖရိက၊ ၂၀၁၄ ခုနှစ်၌ ဘရာဇီးနှင့် ၂၀၁၈ ခုနှစ်၌ ရုရှားတို့က ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခဲ့ပြီး ယင်းနှစ် ၂၀ ကာလအတွင်း ခြေစစ်ပွဲ ပုံမှန်အောင်မြင်ရန် စွမ်းဆောင်နိုင်သော အသင်းအရေအတွက်မှာ ၁၀ သင်းပင် မပြည့်တော့သည့်အခြေအနေကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ယှဉ်ပြိုင်စေရာတွင် ဇုန်တစ်ခုချင်းအလိုက် ထိပ်သီးအသင်းများအဖြစ် သတ်မှတ်ခံထားရသော အီတလီ၊ နယ်သာလန်နှင့် အမေရိကန်တို့မှာ ခြေစစ်ပွဲကျရှုံးမှုများဖြင့် အသီးသီး ရင်ဆိုင်ခဲ့ကြရပြီး အီတလီမှာ နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်နှင့် ပထမဆုံးအကြိမ် လွဲချော်ရခြင်းအဖြစ်လည်း မှတ်တမ်းဆိုးကြုံသွားခဲ့ရပြီဖြစ်သည်။

၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်ဝင်ခွင့်ရခဲ့သည့် အသင်းကိုးသင်းမှာ ဘရာဇီး၊ ဂျာမနီ၊ အာဂျင်တီးနား၊ စပိန်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နှင့် ဂျပန်တို့ဖြစ်ကြပြီး ယင်းအသင်းများအနက်တွင် ဘရာဇီး၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ပြင်သစ်နှင့် ဂျပန်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့်များ ရခဲ့ကြဖူးသည့်အတွက်(ဂျပန်နှင့်တောင်ကိုရီးယားတို့က ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်)တစ်ကြိမ်ကို အလိုအလျောက် တိုက်ရိုက်ပြိုင်ပွဲဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။