News

POST TYPE

SPORTS

ဂရစ်ဇ်မန်းကိုခေါ်ယူရန် ဘာစီလိုနာ မူအရ သဘောတူညီမှုရရှိ

ဘာစီလိုနာ၊ နိုဝင်ဘာ ၁၄

ဘာစီလိုနာအသင်းသည် အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန်အတွက် ကစားသမား၏မိခင်ကလပ် အက်သလက်တီကိုအသင်းနှင့် မူအရ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ကြောင်း Le 10 Sport က ဖော်ပြထားသည်။

ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းအပြောင်းအရွှေ့အတွက် မူအရ သဘောတူညီမှုရရှိလိုက်ခြင်းသည် ဂရစ်ဇ်မန်းကို ခေါ်ယူရန် ကာလရှည်ကြာ စိတ်ဝင်စားခဲ့သော မန်ယူအတွက် ကြီးစွာသောထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို စာချုပ်သစ် ထပ်မံချုပ်ဆိုတော့မည်မဟုတ်ဘဲ လက်လွှတ်လိုက်တော့မည်ဖြစ်၍ ယင်းကွက်လပ်ကို အစားဖြည့်ရန် မန်ယူက တိုက်စစ်မှူးသစ်တစ်ဦး မလွဲမသွေ ခေါ်ယူရတော့မည်ဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ဂရစ်ဇ်မန်းကို ခေါ်ယူရန် ကြိုးပမ်းခဲ့သေးသော်လည်း ကာယကံရှင် ကစားသမားဖြစ်သူက အက်သလက်တီကိုအသင်း ကစားသမားသစ်မှတ်ပုံတင်ခွင့် ပိတ်ပင်ပြစ်ဒဏ် ကျခံနေရသည်ကို ထောက်ချင့်၍ မန်ယူ၏ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချကာ အက်သလက်တီကိုနှင့်သာ စာချုပ်သစ်လက်မှတ်ရေးထိုးသွားခဲ့သည်။

အက်သလက်တီကိုသည် ယင်းသို့စာချုပ်သစ်ချုပ်ဆိုရာတွင် ဂရစ်ဇ်မန်း၏စာချုပ်ဖျက်သိမ်းခတန်ကြေးကို ပေါင်သန်း ၁၇၀ သို့ တိုးမြှင့်လိုက်သော်လည်း ဂရစ်ဇ်မန်းက ၎င်းကိုယ်တိုင် အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိလာခဲ့ပါက ပြောင်းရွှေ့ကြေးကို ပေါင် ၈၆ သန်းသာ ရယူ၍  လက်လွှတ်ပေးရမည်ဟု အသင်းတာဝန်ရှိသူများနှင့် သဘောတူညီမှုရယူထားပြီးဖြစ်ကာ ဘာစီလိုနာနှင့် အက်သလက်တီကိုအကြားတွင် ဂရစ်ဇ်မန်းအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးပမာဏ မည်ရွေ့မည်မျှဖြင့် မူအရ သဘောတူညီမှုရခဲ့သည်ဆိုခြင်းကိုမူ အတိအကျ မသိရှိရသေးကြောင်း Le 10 Sport က ဆက်လက်ရေးသားထားသည်။

ဘာစီလိုနာသည် တိုက်စစ်မှူး ဆွာရက်ဇ် ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ဂိုးသွင်းအားလျော့ကျလာခြင်း၊ အသက် ၂၀ အရွယ်ရှိ တိုက်စစ်တောင်ပံကစားသမား ဒမ်ဘီလီမှာ အနာဂတ်အတွက် အလားအလာကောင်းများ ပိုင်ဆိုင်ထားသူဖြစ်သော်လည်း လက်ရှိတွင် အတွေ့အကြုံပိုင်းဆိုင်ရာ လိုအပ်ချက်များရှိနေခြင်းကြောင့် တိုက်စစ်ကို အင်အားဖြည့်တင်းရန် ကြံရွယ်နေခြင်းဖြစ်သည်။