News

POST TYPE

SPORTS

ဗင်ကျူရာ၏နည်းစနစ်ပိုင်းဆိုင်ရာများကို ဒီရော့စီ စောဒကတက်ခဲ့၊ စီနီယာကစားသမားများအားလုံး ဗင်ကျူရာကို အယုံအကြည် မရှိတော့
14-Nov-2017


ရောမ၊ နိုဝင်ဘာ ၁၄

အီတလီလက်ရွေးစင်အသင်း ကွင်းလယ်ကစားသမား ဒီရော့စီသည် အီတလီနှင့် ဆွီဒင်တို့ တစ်ဖက်နှင့် တစ်ဖက် ဂိုးမရှိသရေကျခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် Play-Off ခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်တွင် နည်းပြဗင်ကျူရာ၏နည်းစနစ်ပိုင်းဆိုင်ရာ အလွဲအမှားများကို ဘောလုံးကွင်းအတွင်း၌ပင် ဒေါသပေါက်ကွဲခဲ့ပြီး အီတလီလက်ရွေးစင်အသင်းခြေစစ်ပွဲ ကျရှုံးခဲ့ရအပြီးတွင် အသင်းစီနီယာကစားသမားအားလုံးက ဗင်ကျူရာကို အယုံအကြည် မရှိကြတော့ကြောင်း Tuttosport  က ဖော်ပြထားသည်။

ဗင်ကျူရာသည် ပွဲကစားချိန် ဒုတိယပိုင်းအတွင်း၌ ဒီရော့စီကို လူစားလဲလှယ်ရန်အတွက် စီစဉ်ခဲ့ပြီး ယင်းအတွက် ၎င်း၏နည်းပြအဖွဲ့ဝင်တစ်ဦးကို ဒီရော့စီအား သွေးပူလေ့ကျင့်ခန်းများ လုပ်ဆောင်ထားရန် သွားရောက်ပြောကြားခိုင်းရာတွင် ယင်းနည်းပြအဖွဲ့ဝင်ဖြစ်သူကို ဒီရော့စီက အော်ဟစ်ငေါက်ငမ်းကာ ဒေါသပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဒီရော့စီသည် ၎င်းအနီးရှိ အင်ဆစ်ဂ်နေးကို လက်ညှိုးညွှန်ပြ၍ ယင်းနည်းပြအဖွဲ့ဝင်ကို စကားများ တရစပ်ပြောကြားခဲ့ပြီး ဒီရော့စီမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ရန် အရေးပေါ်လိုအပ်ချိန်တွင် တိုက်စစ်အားသန်သည့် ကစားသမားမျိုးကို လူစားမလဲဘဲ ၎င်းကို ထည့်သွင်းရန် လုပ်ဆောင်ခဲ့သည့် နည်းပြ ဗင်ကျူရာ၏ဆုံးဖြတ်ချက်ကို လွန်စွာစိတ်ပျက်သွားခဲ့ပုံရကြောင်း ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများက သက်သေခံလျက်ရှိသည်။

သို့သော် နည်းပြဗင်ကျူရာသည် အမှန်တကယ် လူစားလဲလှယ်ထည့်သွင်းချိန်တွင် ဒီရော့စီကို ချန်လှပ်၍ ဘာနာဒက်စ်ချီ၊ အယ်လ်ရှာရာဝီနှင့် ဘီလော့တီတို့ကို ထည့်သွင်းခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် အီတလီမှာ ဆွီဒင်ကို နှစ်ကျော့ပေါင်းရလဒ် တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားခဲ့သည့်အတွက် နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမဆုံးအကြိမ်ကျရှုံးခြင်းဖြင့် ရင်ဆိုင်သွားခဲ့ရပြီဖြစ်သည်။

သတင်းမီဒီယာများသည် ပွဲအပြီးတွင် ဒီရော့စီကို အသင်းနည်းပြအဖွဲ့ဝင်နှင့် မည်သည့်အတွက် စကားအချေအတင်ဖြစ်ခဲ့ရသည်ဆိုခြင်းကို ရှင်းပြပေးစေလိုကြောင်း ဝိုင်းဝန်းမေးမြန်းခဲ့ကြပြီး ယင်းမေးမြန်းချက်ကို ဖြေကြားရာတွင် ဒီရော့စီမှာ ဖြစ်စဉ်ကို အမှန်အတိုင်း အသိပေးခြင်း မရှိခဲ့ဘဲ လျှော့ပေါ့ဖုံးကွယ်သွားခဲ့ကြောင်း သတင်းမီဒီယာများက သုံးသပ်ထားကြသည်။

ဒီရော့စီသည် သတင်းမီဒီယာများ၏မေးမြန်းချက်ကို “တကယ်က လူစားလဲမယ့် အစီအမံကို ခဏခဏ ပြောင်းလဲနေလို့ ကျွန်တော့်ဆီ လာရောက်အသိပေးခဲ့တဲ့ နည်းပြအဖွဲ့အ၀င်နဲ့ စကားအချေအတင်ဖြစ်ခဲ့ရတာပါ။ ကစားသမားသုံးယောက်လောက်ရွေးတယ်၊ သွေးပူလေ့ကျင့်ရေးလုပ်ခိုင်းတယ်၊ ငါးမိနစ်လောက်ကြာတော့ အဲ့ဒီသုံးယောက်ကို ပြန်နားခိုင်းပြီး နောက်သုံးယောက်ကို သွေးပူလေ့ကျင့်ခန်း လုပ်ခိုင်းပြန်ပါရော။ တိကျသေချာမှု မရှိတဲ့အခြေအနေကို စိတ်ပျက်လွန်းတာကြောင့် မေးခွန်းတွေ မေးလိုက်မိရုံသက်သက်ပါပဲ။ အဲ့ဒါထက် ဘာတစ်ခုမှ မပိုခဲ့ပါဘူး”ဟု ဖြေကြားပေးသွားခဲ့သည်။