News

POST TYPE

SPORTS

ပြင်သစ်လီဂူးနှင့်ယှဉ်ပါက ဂျာမန်ဘွန်ဒက်စ်လီဂါက အပြတ်သာကြောင်း တိုနီးခရူးစ် ဝေဖန်ထိုးနှက်

မြူးနစ်၊ နိုဝင်ဘာ ၁၄

ဂျာမနီလက်ရွေးစင်အသင်းကွင်းလယ်ကစားသမား တိုနီခရူးစ်သည် ဂျာမနီနှင့် ပြင်သစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် နိုင်ငံတကာခြေစမ်းပွဲအတွက် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာတွင် ပြင်သစ်လီဂူးပြိုင်ပွဲကို တစ်ကောင်တည်းပြေးသောမြင်းပွဲအဖြစ် ဝေဖန်ထောက်ပြသွားခဲ့ပြီး ယင်းအချက်ကြောင့်ပင်လျှင် ပြင်သစ်လီဂူးမှာ ဂျာမန်ဘွန်ဒက်စ်လီဂါ၏အရှိန်အဝါကို ယှဉ်နိုင်စွမ်းမရှိဘဲ ဖြစ်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသွားခဲ့သေးကြောင်း Daily Mail က ဖော်ပြထားသည်။

တိုနီခရူးစ်သည် ပြင်သစ်လီဂူးမှာ ပြိုင်ပွဲတစ်ခုနှင့် အလားသဏ္ဍာန် မတူညီတော့ဘဲ ပီအက်စ်ဂျီအသင်း ပြုမူချင်တိုင်း ပြုမူ၍ရသည့်သဘောမျိုးဆောင်သွားခဲ့ပြီဟု မှတ်ချက်ပေးထားပြီး ပြင်သစ်လီဂူး၌ မည်သည့်အသင်း ချန်ပီယံဖြစ်နိုင်သည်ကို လွယ်လင့်တကူဖြင့် မှန်းဆ၍ရနိုင်သည့်အချက်မှာ လိဂ်ပြိုင်ပွဲ၏အဆင့်အတန်းကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်းလည်း တိုနီခရူးစ်က ပြောကြားသွားခဲ့သေးသည်။

ပီအက်စ်ဂျီသည် လက်ရှိဘောလုံးရာသီတွင် ပြင်သစ်လီဂူး အမှတ်ပေးပွဲစဉ် ၁၂ ပွဲ ယှဉ်ပြိုင်ပြီးချိန်၌ ၁၀ ပွဲ၊ နှစ်ပွဲသရေ၊ ရှုံးပွဲမရှိ ရလဒ်ဖြင့် အမှတ်ပေးဇယားကို ထိပ်ဆုံးနေရာက ဦးဆောင်နေပြီး ၎င်း၏နောက်တွင် မိုနာကိုက အမှတ်ပေးဇယား၏ဒုတိယနေရာ၌ ရပ်တည်၍ ရမှတ်လေးမှတ်သာ ကွာဟသည့်အခြေအနေဖြင့် ဖိအားပေးထားဆဲဖြစ်သည်။

ပြင်သစ်သတင်းမီဒီယာများသည် တိုနီခရူးစ်အနေနှင့် ပြင်သစ်လီဂူးပြိုင်ပွဲကို ယင်းသို့ဝေဖန်မည်ဆိုပါက ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ၏ပကတိအခြေအနေကို မြင်အောင်ကြည့်သင့်ကြောင်း တုံ့ပြန်ထောက်ပြသွားခဲ့ပြီး ပြင်သစ်လီဂူးကို တစ်ကောင်တည်းပြေးသောမြင်းပွဲဟု ရည်ညွှန်းမည်ဆိုပါက ဂျာမန်ဘွန်ဒက်စ်လီဂါမှာလည်း ထူးမခြားနားပင်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဘောလုံးရာသီ ငါးရာသီအတွင်း ဘိုင်ယန်မြူးနစ်တစ်သင်းတည်းကသာ ချန်ပီယံဖြစ်ခဲ့သည်က ဂျာမန်ဘွန်ဒက်စ်လီဂါတွင် ဘိုင်ယန်မြူးနစ်ကို ယှဉ်နိုင်သောအသင်းမရှိဟူ၍ သက်သေခံလျက်ရှိကြောင်း ပြင်သစ်သတင်းမီဒီယာများက အသိပေးထားကြသည်။