News

POST TYPE

SPORTS

ကစားသမားများကို တန်ဖိုးထားမှုတွင် လာလီဂါထက် ပရီးမီးယားလိဂ်က များစွာ သာလွန်ကြောင်း ဒီဂီယာ ဖွင့်ဟ

မက်ဒရစ်၊ နိုဝင်ဘာ ၁၄

မန်ယူဂိုးသမား ဒီဂီယာသည် ဘောလုံးကစားသမားများကို တန်ဖိုးထားဆက်ဆံမှုတွင် ၎င်း၏မွေးရပ်မြေ စပိန်နိုင်ငံရှိ လာလီဂါပြိုင်ပွဲထက် လက်ရှိအချိန်တွင် ကစားသမားဘ၀ လာရောက်ဖြတ်သန်းနေသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲက များစွာသာလွန်ကြောင်း ဖွင့်ဟပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းအတွက် ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးခေါ်ယူရန် စီစဉ်နေပြီဖြစ်ကာ ၎င်း၏ပစ်မှတ်စာရင်းတွင် ဒီဂီယာက ထိပ်ဆုံးနေရာ၌ ပါရှိနေဆဲဖြစ်သည်။

ဒီဂီယာသည် ပရီးမီးယားလိဂ်၌သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းလိုသည့် အရိပ်အယောင်များရှိနေပြီး မန်ယူနည်းပြ မော်ရင်ညိုကမူ ရီးရဲလ်မက်ဒရစ်ဘက်က ဒီဂီယာကိုခေါ်ယူရန် ကမ်းလှမ်းရာတွင် ဗာရာနေးကို အပြောင်းအရွှေ့၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပေးအပ်လာခဲ့ပါက ယင်းကမ်းလှမ်းမှုကိုလက်ခံကာ ဒီဂီယာကို ရောင်းထုတ်ပေးလိုက်မည့် အခြေအနေများရှိနေသည်။

ရီးရဲလ်မက်ဒရစ်သည် ဒီဂီယာကိုခေါ်ယူနိုင်ရန် အဆင်မပြေခဲ့ပါက အသက် ၂၃ နှစ်အရွယ်ရှိ ဘီလ်ဘာအိုဂိုးသမား အာရီဇာဘလာဂါဘက်သို့ ဦးလှည့်ဖွယ်ရှိနေပြီး အာရီဇာဘလာဂါကို အနာဂတ်ကာလတွင် စပိန်အတွက် လွန်စွာ အရေးပါလာမည့် ဂိုးသမားကောင်းတစ်ဦးအဖြစ် ဒီဂီယာကလည်း ချီးကျူးထောက်ခံထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဒီဂီယာက “စပိန်မှာက ကစားသမားတစ်ယောက်ကို အရေးတယူ ဆက်ဆံတာမျိုးရယ်လို့ သိပ်မရှိပါဘူး။ အဲ့ဒီအခွင့်အရေးကို ပိုင်ဆိုင်ရရှိသူတစ်ချို့ ရှိကောင်းရှိပေမယ့် အရေအတွက်က အရမ်းပဲ နည်းလွန်းလှပါတယ်။ ကစားသမားတစ်ယောက် အသင်းကိုကျောခိုင်းလိုက်တာနဲ့ သူ့အကြောင်းကို လူအားလုံးက မေ့လပစ်လိုက်ကြတော့တာပါပဲ။ အင်္ဂလန်မှာကတော့ အဲ့ဒီလိုမျိုး မဟုတ်ပါဘူး။ ဘောလုံးကစားသမားတွေအပေါ်ထားရှိတဲ့ ပရိသတ်တွေရဲ့လေးစားမှုက အရမ်းကို နှစ်လိုဖွယ်ရာကောင်းလှပါတယ်။ ကိုယ့်ကလပ်အသင်းအတွက် ကစားပေးနေတဲ့၊ ကစားပေးခဲ့တဲ့ ကစားသမားတိုင်းကို တလေးတစားနဲ့ဆက်ဆံတတ်တာက အင်္ဂလိပ်တွေရဲ့ချစ်စရာအမူအကျင့်တစ်ခုပါပဲ”ဟု မှတ်ချက်ပေးသွားခဲ့သည်။