News

POST TYPE

SPORTS

အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် ကွန်တီကို ပြန်လည်ခန့်အပ်ပေးရန် ပရိသတ်များ တောင်းဆို
14-Nov-2017 tagged as Soccer Premier League Conte Chelsea Italy


တူရင်၊ နိုဝင်ဘာ ၁၄

အီတလီဘောလုံးပရိသတ်များသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးလိုက်ရအပြီးတွင် ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများကို နည်းပြအပြောင်းအလဲလုပ်ရန် ဖိအားပေးတောင်းဆိုနေကြပြီဖြစ်ပြီး အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ၎င်းတို့ မြင်တွေ့ခွင့်ရနိုင်ရန် ဆန္ဒရှိနေသူမှာ ချယ်လ်ဆီးနည်းပြ ကွန်တီဖြစ်ကြောင်း Gazzetta Dello Sport က ဖော်ပြထားသည်။

အီတလီလက်ရွေးစင်အသင်းနည်းပြ ဗင်ကျူရာသည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် Play-Off ခြေစစ်ပွဲတွင် နှစ်ကျော့ပေါင်းရလဒ်ဖြင့် ဆွီဒင်ကို အရေးနိမ့်လိုက်ရပြီးသည့်နောက်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အသင်းခြေစစ်ပွဲကျရှုံးခဲ့ရသော်လည်း ၎င်းအနေနှင့် ရာထူးနုတ်ထွက်ရန် အစီအစဉ် မရှိကြောင်း အသိပေးသွားခဲ့ပြီး အီတလီသတင်းမီဒီယာများကမူ ဗင်ကျူရာ ရာထူးနုတ်ထွက်ပေးခြင်း မရှိပါက အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများက ၎င်းကို ရာထူးထုတ်ပယ်ခြင်းဖြင့် ဖယ်ရှားလိုက်မည်ဖြစ်ကြောင်း ရေးသားနေကြပြီဖြစ်သည်။

ဂျူဗင်တပ်အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဒယ်လ်ပီယာရိုကလည်း လက်ရှိအချိန်တွင် အီတလီလက်ရွေးစင်အသင်းကို လမ်းကြောင်းမှန်ထက်သို့ ပြန်လည်တင်ပို့ပေးနိုင်မည့်သူမှာ ကွန်တီသာရှိကြောင်း ထောက်ခံထားပြီး ဘိုနုချီ၊ ဘာဇာဂလီနှင့် ဒီရော့စီတို့ကဲ့သို့သော အသင်းအမာခံများ လက်ရွေးစင်ကစားသမားဘ၀ကို ချက်ချင်းစွန့်ခွာမသွားစေရန် ကွန်တီကသာလျှင် စည်းရုံးဖျောင်းဖျနိုင်လိမ့်မည်ဟုလည်း ဒယ်လ်ပီယာရိုက ထောက်ပြထားသည်။

ကွန်တီသည် ၂၀၁၄ ခုနှစ်မှနေ၍ ၂၀၁၆ ခုနှစ်အထိ အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူပေးခဲ့ဖူးပြီး ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင်မှ ၎င်းက အီတလီလက်ရွေးစင်အသင်းကို စွန့်ခွာကာ ချယ်လ်ဆီးကို ပြောင်းလဲတာဝန်ယူလိုက်ခြင်းဖြစ်သည်။

ကွန်တီသည် လက်ရှိတွင် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများအပါအ၀င် အသင်းကစားသမားအချို့နှင့် ဆက်ဆံရေး အဆင်မပြေမှုများရှိနေပြီး ယင်းအချက်က အသင်းရလဒ်များ ယိမ်းယိုင်သည်နှင့်တစ်ပြိုင်နက် ကွန်တီကို ချယ်လ်ဆီးနည်းပြရာထူးက ထုတ်ပယ်ခံရစေရန် အကြောင်းရင်းတစ်ရပ်သဖွယ် ဖြစ်လာနိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။