News

POST TYPE

SPORTS

တိုရီနိုအသင်းသို့ ဂျိုးဟတ် အငှားဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရ
30-Aug-2016

မန်စီးတီးအသင်းတွင် ပွဲထွက်ခွင့် ပျောက်ဆုံးနေသော အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဂျိုးဟတ်မှာ စီးရီးအေကလပ် တိုရီနို အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်သည်။

မန်စီးတီး နည်းပြသစ် ဂွာဒီယိုလာ၏ လက်ထက်တွင် နေရာပျောက်ဆုံးနေခဲ့သည့် ဂျိုးဟတ်အတွက် ဘာစီလိုနာအသင်း၏ ဂိုးသမား ဘရာဗို ရောက်ရှိလာခြင်းကလည်း အသင်းမှ ထွက်ခွာရန် အကြောင်းရင်းတစ်ရပ် ဖြစ်စေခဲ့သည်။

တိုရီနိုအသင်းနှင့် ဂျိုးဟတ်တို့၏ အပြောင်းအရွှေ့ကို မကြာမီရက်ပိုင်းအတွင်း အပြီးသတ်ရန် စီစဉ်လျက်ရှိကြပြီး အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်ကလည်း ဂျိုးဟတ်၏ အပြောင်းအရွှေ့ကိစ္စများ အတွက် လေ့ကျင့်ရေးစခန်းမှ ထွက်ခွာခွင့် ပေးထားသည်။

ဂွာဒီယိုလာ၏ လက်ထက်တွင် စတူအာဘူခါရက်စ်နှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် တစ်ပွဲသာ ပွဲထွက်ခွင့်ရခြင်းက ဂျိုးဟတ်အား ဖိအားဖြစ်စေခဲ့ပြီး အသင်းပြောင်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု အင်္ဂလန် မီဒီယာများက ဖော်ပြခဲ့ကြသည်။

၂၀၀၆ ခုနှစ်ကတည်းက မန်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့သည့် ဂျိုးဟတ်မှာ မန်စီးတီးကစားသမား သက်တမ်းအတွင်း ထရမ်မဲရိုဗာ၊ ဘလက်ပူးလ်နှင့် ဘာမင်ဂမ်စီးတီး အသင်းများသို့ အငှားဖြင့် သွားရောက်ကစားခဲ့ဖူးသည်။

Ref: Dailymail