News

POST TYPE

SPORTS

စံချိန်တင်မှတ်တမ်းများဖြင့် ဂျာမနီ ခြေစစ်ပွဲ အောင်မြင်၊ ချန်ပီယံဘွဲ့ ကာကွယ်နိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရမည်

မြူးနစ်၊ အောက်တိုဘာ ၉

ဂျာမနီလက်ရွေးစင်အသင်းသည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ပါဝင်ကစားရာတွင် စံချိန်တင် မှတ်တမ်းများဖြင့် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီး ဂျာမနီမှာ ခြေစစ်ပွဲ ၁၀ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၁၀ ပွဲလုံးကို အနိုင်ယူပြီး ရာနှုန်းပြည့် အနိုင်ရလဒ်ဖြင့် ခြေစစ်ပွဲအောင်မြင်သွားခဲ့ခြင်းဖြစ်ကြောင်း OPTA က ဖော်ပြထားသည်။

ဂျာမနီသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ယှဉ်ပြိုင်ရာတွင် ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူနိုင်သည့် ဒုတိယမြောက် အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ဂျာမနီမတိုင်မီတွင် ယင်းသို့ စွမ်းဆောင်ပြနိုင်ခဲ့သည့်အသင်းမှာ စပိန်ဖြစ်သည်။

စပိန်သည် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအအတွက် ခြေစစ်ပွဲများ ယှဉ်ပြိုင်ရာတွင် ရာနှုန်းပြည့် အနိုင်ရလဒ်ကို ရယူ၍ ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးပြီး ယင်းသို့ခြေစစ်ပွဲ အောင်မြင်ခြင်းနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားရာတွင်လည်း စပိန်က ချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ခဲ့သည့်အတွက် ယခုတစ်ကြိမ်တွင် ဂျာမနီက ပြိုင်ပွဲကြီးအဆင့်တွင် စပိန်ကဲ့သို့ အောင်မြင်နိုင်ခြင်း ရှိ၊ မရှိဟူသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်နေသည်။

သို့သော် ကမ္ဘာ့ဖလားပြိုင်ပွဲအကြို တိုက်ကြီးများဖလားပြိုင်ပွဲ စတင်ပေါ်ပေါက်လာခဲ့အပြီးတွင် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ၌ ချန်ပီယံဖြစ်သည့်အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆုနှင့် လွဲချော်ရသည့် အစဉ်အလာတစ်ရပ် ထွန်းကားလာခဲ့ပြီး ယင်းအစဉ်အလာကို ဂျာမနီ ချေဖျက်နိုင်ခြင်း ရှိ၊ မရှိကိုလည်း စောင့်ကြည့်ကြရတော့မည်ဖြစ်သည်။

ဂျာမနီသည် ဂိုးကွာခြားချက် ပမာဏ +၃၉ ဂိုးအထိ ရယူ၍ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်တွင် သမိုင်းကြောင်းတစ်လျှောက် ဂိုးကွာခြားချက် ပမာဏ အများဆုံးရယူနိုင်သည့်အသင်း ဟူသည့်စံချိန်တစ်ရပ်ကိုလည်း ဂျာမနီက တင်ရှိသွားနိုင်ခဲ့သည်။

ဂျာမနီမတိုင်မီတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်၌ ဂိုးကွာခြားချက် အများဆုံးရယူ၍ ခြေစစ်ပွဲ အောင်မြင်ခဲ့သည့်အသင်းအဖြစ် စံချိန်စိုက်ထူထားခဲ့သည်မှာ ရိုမေးနီးယားဖြစ်ပြီး ရိုမေးနီးယားမှာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂိုးကွာခြားချက်ပမာဏ +၃၃ ဂိုးဖြင့် ခြေစစ်ပွဲအောင်ခဲ့ခြင်းဖြစ်သည်။