News

POST TYPE

SPORTS

သမီးနှစ်ယောက်ကို တရားစွဲဆိုရန် ရှေ့နေများကို မာရာဒိုနာ ညွှန်ကြား
07-Oct-2017 tagged as

ဗျူနိုအေရိစ်၊ အောက်တိုဘာ ၇

အာဂျင်တီးနား လက်ရွေးစင် ဂန္ထဝင်တိုက်စစ်မှူးဟောင်း မာရာဒိုနာသည် ၎င်းပိုင်ဆိုင်သည့် ငွေများကို ၎င်းမသိဘဲနှင့် ဘက်အကောင့် လွှဲပြောင်းသွားခဲ့သော သမီးနှစ်ဦးကို တရားစွဲဆိုရန် ၎င်း၏ ရှေ့နေများကို ညွှန်ကြားချက် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မာရာဒိုနာ၏ သမီးများ ဖြစ်သည့် အသက် ၃၀ အရွယ် ဒယ်လ်မာနှင့် အသက် ၂၈ နှစ်အရွယ် ဂီယာနင်နာတို့သည် မာရာဒိုနာ ပိုင်ဆိုင်သည့် ငွေများကို ဥရုဂွေးရှိ ဘက်တစ်ခုသို့ စာရင်းလွှဲပြောင်းခဲ့ကြခြင်း ဖြစ်ပြီး ယခုကိစ္စရပ်အတွက် ၎င်း၏ ဇနီးဟောင်းကိုလည်း မာရာဒိုနာက မယုံသင်္ကာဖြစ်လျက် ရှိသည်။

ဒယ်လ်မာနှင့် ဂီယာနင်နာတို့၏ မိခင်ဖြစ်သူ ကလော်ဒီယာ ဗီလာဖိန်းသည် မာရာဒိုနာ၏ငယ်ချစ် ဖြစ်ပြီး ယခုကိစ္စရပ်တွင် သမီးနှစ်ဦးကို နောက်ကွယ်က အဓိက ကြိုးကိုင်စေခိုင်းခဲ့သူမှာ ဗီလာဖိန်းသာ ဖြစ်ရမည်ဟုလည်း မာရာဒိုနာက စွပ်စွဲပြောကြားလျက် ရှိသည်။

မာရာဒိုနာသည် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်၌ ဗီလာဖိန်းကို ၎င်း၏ ဘဏ်စာရင်းမှနေ၍ ပေါင် ၆ ဒသမ ၈ သန်းရှိ ငွေပမာဏကို ခိုးယူခဲ့သည့်အတွက် သူခိုးမဟု ခေါ်ဝေါ်သမုတ်ခဲ့ဖူးပြီး ယခုတစ်ကြိမ်တွင် သမီးနှစ်ဦးက ပေါင် ၁ ဒသမ ၄၅ သန်း ပမာဏရှိသည့် ငွေများကို ငွေစာရင်း လွှဲပြောင်းလိုက်ကြခြင်း ဖြစ်သည်ဟု မာရာဒိုနာက အသိပေးထားသည်။

မာရာဒိုနာသည် လက်ရှိအချိန်တွင် ယူအေအီးကလပ် အယ်လ်ဖူဂျားရားအသင်းကို တာဝန်ယူ နည်းပြပေးနေပြီး သမီးနှစ်ဦးကမူ ၎င်းတို့အပေါ် ဖခင်ဖြစ်သူ၏ စွပ်စွဲချက်များမှာ အချက်အလက် တိကျခိုင်မာခြင်းမရှိဘဲ မှားယွင်းနေကြောင်း တွစ်တာလူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် တုံ့ပြန်ရှင်းလင်းနေကြသည်။

  • TAGS