News

POST TYPE

SPORTS

ဘိုလီးဗီးယားနှင့် ပွဲစဉ်အပြီးတွင် ဘရာဇီးကစားသမားများ အောက်စီဂျင် အကူအညီဖြင့် အသက်ရှူခဲ့ရ
06-Oct-2017 tagged as

ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၆

ဘရာဇီး ကစားသမားများသည် ဘိုလီးဗီးယားနှင့် ဘရာဇီးတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိ သရေကျခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အပြီးတွင် အ၀တ်လဲခန်းအတွင်း အောက်စီဂျင် အကူအညီဖြင့် အသက်ရှူခဲ့ရကြောင်း Daily Star က ဖော်ပြထားသည်။

ဘိုလီးဗီးယားသည် ဘရာဇီးနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို လာပတ်ဇ်မြို့တွင် လက်ခံယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းမြို့မှာ ပင်လယ်ရေ မျက်နှာပြင်အထက် ၃,၆၃၇ မီတာအမြင့်တွင် တည်ရှိနေသည်။

ဘရာဇီးတိုက်စစ်မှူး နေမာသည် ၎င်းတို့အတွက် ပင်လယ်ရေ မျက်နှာပြင်အထက် မီတာပေါင်းများစွာ မြင့်မားသည့်နေရာတွင် ကစားရသည်မှာ လွန်စွာခက်ခဲသည့် အခြေအနေတစ်ရပ် ဖြစ်ခဲ့ကြောင်း အသိပေးသွားခဲ့ပြီး ယင်းအချက်ကြောင့် အသင်းသားအားလုံး ပုံမှန်စွမ်းဆောင်ရည်အောက် ကျဆင်းကာ နိုင်ပွဲမရခဲ့ခြင်း ဖြစ်ကြောင်း နေမာက မှတ်ချက်ပေးသွားခဲ့သည်။

နေမာသည် လာပတ်ဇ်ကဲ့သို့သော နေရာမျိုးတွင် ဘောလုံးပွဲများ ကျင်းပရန် မသင့်တော်ကြောင်းလည်း ဝေဖန်သွားခဲ့ပြီး ချီလီနှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွင် ဘရာဇီးအနေနှင့် ခြေစစ်ပွဲ အောင်မြင်ထားပြီးသား ဖြစ်နေသည့်တိုင် အိမ်ကွင်းပရိသတ်ရှေ့မှောက်တွင် အနိုင်ရလဒ်ရယူရန် အတွက်သာ ဦးတည်ကစားသွားမည် ဖြစ်ကြောင်းလည်း နေမာက အသိပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် နေမာက “ကျွန်တော်တို့က ခြေစစ်ပွဲ အောင်ထားပြီးပြီ ဖြစ်လို့ ချီလီကို လျှော့ကစားပေးလိုက်မယ်လို့ တွေးထားရင် အဲ့ဒီအတွေးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ပထမအကျော့တုန်းက သူတို့ကို ကျွန်တော်တို့ အရှုံးပေးခဲ့ရပါတယ်။ အဲ့ဒီရှုံးကြွေးကို ပြန်ဆပ်ဖို့ ကျွန်တော်တို့ ကြိုးစားရမှာပါ။ မျှော်လင့်ချက်ရှိတဲ့ အသင်းအားလုံး တန်းတူညီမျှ ဖြစ်စေဖို့အတွက် ချီလီနဲ့ပွဲမှာ အနိုင်ရလဒ်ကို ဦးတည်ပြီးတော့ပဲ ဘရာဇီး ကစားသွားပါမယ်” ဟု ပြောကြားသွားခဲ့သည်။

  • TAGS