News

POST TYPE

SPORTS

ကမ္ဘာ့ဖလားပွဲစဉ်များကို တင်သားအလှမယ် ဆူဇီကော်တက်ဇ် ဟောကိန်းထုတ်မည်
06-Oct-2017 tagged as ဘောလုံး

ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၆

ဘရာဇီးနိုင်ငံသူ တင်သားအလှမယ် (Miss BumBum) ဆူဇီကော်တက်ဇ်သည် သူမ၏ တင်သားများကို အသုံးပြု၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ် ကာလအတွင်း ပွဲစဉ်အချို့ကို ဟောကိန်းထုတ်ပေးမည် ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပစဉ်ကာလအတွင်း ရေဘ၀ဲ ပေါလ်သည် ပွဲစဉ်များကို မှန်ကန်စွာ ခန့်မှန်းပေးနိုင်ခဲ့ခြင်းဖြင့် ကမ္ဘာကျော်ခဲ့ဖူးပြီး ဆူဇီကော်တက်ဇ်မှာ ပေါလ်ကဲ့သို့ ထူးချွန်သည့် ဟောကိန်းရှင်တစ်ဦး ဖြစ်မည်၊ မဖြစ်မည်ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်း မြင်တွေ့ကြရတော့မည်လည်း ဖြစ်သည်။

ဆူဇီကော်တက်ဇ်သည် သူမတင်သား တစ်ဖက်တစ်ချက်စီတွင် ယှဉ်ပြိုင်ကစားမည့် အသင်းနှစ်သင်း၏ နိုင်ငံတော်အလံများကို ဆေးရောင်ခြယ်ကာ ဖော်ပြထားမည်ဖြစ်ပြီး ပစ်ပေးလိုက်သည့် ဘောလုံးကို သူမက တင်သားဖြင့် ပစ်ပေါက်ကာ ဟောကိန်းထုတ်သွားမည် ဖြစ်သည်။

ဆူဇီကော်တက်ဇ်က ဘောလုံးကို မည်သည့်ဘက်ခြမ်း တင်သားဖြင့် ပစ်ပေါက်လိုက်သည် ဆိုခြင်းကိုကြည့်၍ ယင်းဘက်ခြမ်းတွင် မည်သည့်အသင်း၏ နိုင်ငံတော်အလံ ရှိနေသည် ဆိုခြင်းက ဟောကိန်း၏အဖြေ ဖြစ်ပြီး ယင်းအသင်းကို အနိုင်ဟူသည့်သဘော ဆူဇီကော်တက်ဇ်က ခန့်မှန်းပေးသည်ဟု ယူဆရလိမ့်မည် ဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို ဆူဇီကော်တက်ဇ်က ယင်းသို့ ခန့်မှန်းပေးမည် ဆိုခြင်းကို ပရိသတ် အများအပြားက စိတ်ဝင်စားလျက်ရှိပြီး ဆူဇီကော်တက်ဇ်၏ ဟောကိန်းပေးမှုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရိသတ် စိတ်ဝင်စားမှု မြင့်တက်စေမည့် ဆွဲဆောင်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။