News

POST TYPE

SPORTS

ကတ်တလန်ဒေသ ခွဲထွက်ရေးအတွက် ဆန္ဒမဲပေးအပ်ပွဲကို ရီးရဲလ်မက်ဒရစ် ပရိသတ်များ တန်ပြန်ဆန္ဒပြ
02-Oct-2017 tagged as


မက်ဒရစ်၊ အောက်တိုဘာ ၂

ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်များသည် ရီးရဲလ်မက်ဒရစ်က အက်စ်ပန်ညိုကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် စပိန်နိုင်ငံတော်အလံများကို ဦးခေါင်းအထက်တွင် တင်မြှောက်ကိုင်ဆောင်၍ ကတ်တလန်ဒေသတွင်ကျင်းပခဲ့သော နယ်မြေခွဲထွက်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို တန်ပြန်ဆန္ဒပြသွားခဲ့ကြောင်း Marca က ဖော်ပြထားသည်။

ဘာစီလိုနာအသင်းသည် ကတ်တလန်ဒေသခွဲထွက်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပနေချိန်တွင် အသင်းပိုင် နျူးကမ့်ဘောလုံးကွင်း၌ မလိုလားအပ်သော ဘေးထွက်ပြဿနာများ ဖြစ်ပေါ်မလာစေရေးအတွက် လားစ်ပါးလ်မားစ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် လာလီဂါပွဲစဉ်ကို ကွင်းပိတ်ပွဲစဉ်အဖြစ် ကျင်းပခဲ့ပြီး ယင်းပွဲစဉ်၌ အသင်းအမည်များနှင့် ဂိုးရလဒ်များ ဖော်ပြသော ဆိုင်းဘုတ်တွင် ဒီမိုကရေစီဟူသော စကားလုံးကို စပိန်ဘာသာဖြင့် ရေးသား၍လည်းကောင်း၊ ပွဲမစတင်မီတွင် သွေးပူ လေ့ကျင့်ရေးများ ဆောင်ရွက်ရာ၌ ဘာစီလိုနာ အသင်းသားများက ကတ်တလန်ဒေသ အလံတော်ကို ကိုယ်စားပြုသည့် အင်္ကျီများကို ဝတ်ဆင်၍လည်းကောင်း ၎င်းတို့အနေနှင့် ခွဲထွက်ရေး လိုလားသူများနှင့် တစ်သားတည်း ရှိကြောင်းကို ထုတ်ဖော်ပြသသွားခဲ့သည်။

ကတ်တလန်ဒေသ ခွဲထွက်ရေးဆိုင်ရာ လူထုဆန္ဒ ခံယူပွဲသည် မက်ဒရစ်အခြေစိုက် အသင်းများနှင့် ကတ်တလန် အခြေစိုက် အသင်းများအကြားရှိ ပြိုင်ဆိုင်မှုကို ပိုမိုမြင့်တက်လာစေဖွယ် ရှိနေပြီဖြစ်ကာ ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကစားခဲ့သော လားစ်ပါးလ်မားစ်ကလည်း ၎င်းတို့အနေနှင့် ကတ်တလန်ဒေသ ခွဲထွက်ရေးကိစ္စတွင် စပိန်အစိုးရဘက်က ရပ်တည်ကြောင်းကို ဂျာစီအင်္ကျီ၌ စပိန်အလံ သင်္ကေတများ တပ်ဆင်၍ သဘောထား ထုတ်ဖော်သွားခဲ့ကြသည်။

ဘာစီလိုနာအသင်း ပရိသတ်များသည် ဘာစီလိုနာနှင့် လားစ်ပါးလ်မားစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်ကို အသင်းပိုင်နျူးကမ့်ဘောလုံးကွင်းအတွင်းသို့ ဝင်ရောက်အားပေးခွင့် မရရှိခဲ့သော်လည်း ကွင်းပြင်ပတွင် ရပ်စောင့်၍ အားပေးသွားခဲ့ကြကာ ယင်းသို့အားပေးနေစဉ်တွင် ဘာစီလိုနာပရိသတ်အချို့နှင့် လားစ်ပါးလ်မားစ် ပရိသတ်အချို့ ထိပ်တိုက်တွေ့မှုများလည်းရှိခဲ့ကြောင်း ဆက်စပ် သတင်းများလည်း ထွက်ပေါ်နေသည်။

  • TAGS