News

POST TYPE

SPORTS

အဂူရို စီးနင်းလာသည့် အငှားယာဉ် ယာဉ်မတော်တဆဖြစ်၊ နံရိုးများ ကျိုးသွားသည့်အတွက် အဂူရို နှစ်လ နားရမည်
29-Sep-2017 tagged as မန်စီးတီး

အမ်စတာဒမ်၊ စက်တင်ဘာ ၂၉

မန်စီးတီး တိုက်စစ်မှူး အဂူရိုသည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သို့ ရောက်ရှိနေစဉ်တွင် ၎င်းစီးနင်းလိုက်ပါသော အငှားယာဉ် ယာဉ်မတော်တဆဖြစ်ခဲ့သည့် အတွက် နံရိုးများ ကျိုးသွားခဲ့ပြီး ဒဏ်ရာအနည်းငယ် ပြင်းထန်သည့်အတွက် အဂူရိုမှာ နှစ်လခန့် အနားယူရတော့မည် ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အဂူရိုသည် ၎င်း၏မိတ်ဆွေဖြစ်သူ ကိုလံဘီယာတေးသံရှင် မာလူမာ၏ ဖျော်ဖြေပွဲကို ကြည့်ရှုရန်အတွက် အမ်စတာဒမ်မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဖျော်ဖြေပွဲအပြီးတွင် မန်ချက်စတာမြို့သို့ ပြန်ရန်အတွက် လေဆိပ်သို့ သွားရောက်ရန် အငှားယာဉ် ငှားရမ်းစီးနင်းရာတွင် ယခုဖြစ်ရပ်ကို အဂူရိုက ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။

အဂူရိုသည် လက်ရှိအချိန်တွင် မန်စီးတီးအသင်းထံသို့ ပြန်လည်လာရောက်နိုင်ခြင်း မရှိသေးဘဲ အမ်စတာဒမ်မြို့ရှိ ဆေးရုံတစ်ရုံတွင် ဆေးကုသမှုများ ခံယူနေရဆဲဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ချိန်တွင် အဂူရိုမှာ ထိုင်ခုံခါးပတ် ပတ်ထားခဲ့ကြောင်း အာဂျင်တီးနားသတင်းစာ Diairio Ole က ရေးသားထားသည်။

အဂူရို လိုက်ပါစီးနင်းလာသည့် အငှားယာဉ်သည် လမ်းကြောင်းတိမ်းချော်ကာ လမ်းနံဘေးရှိ မီးပွိုင့်တပ်ဆင်ထားသော ဓာတ်တိုင်တစ်တိုင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယင်းအငှားယာဉ်မှာ Chrysler PT Cruiser အမျိုးအစား ဖြစ်ကြောင်းလည်း Diairio Ole က အသိပေးထားသေးသည်။

အဂူရိုကို ဒဏ်ရာကြောင့် နှစ်လကြာ လက်လွှတ်ဆုံးရှုံးရတော့မည့် အခြေအနေသည် မန်စီးတီးအတွက် ကြီးစွာသော ထိုးနှက်တစ်ရပ် ဖြစ်လာခဲ့ပြီ ဖြစ်ပြီး လက်ရှိတွင် အဂူရိုမှာ ပရီးမီးယားလိဂ်ပွဲစဉ် ခြောက်ပွဲ ကစားပြီးချိန်၌ အသင်းအတွက် သွင်းဂိုးခြောက်ဂိုး ရယူပေးထားပြီး ဖြစ်သည်။