News

POST TYPE

SPORTS

ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ရေးဆွဲထားမှုကို ကွန်တီ ပြင်းပြင်းထန်ထန် အပြစ်တင်
28-Sep-2017 tagged as ချယ်လ်ဆီး

လန်ဒန်၊ စက်တင်ဘာ ၂၈

ချယ်လ်ဆီးနည်းပြကွန်တီသည် ချယ်လ်ဆီးက အက်သလက်တီကိုကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်အပြီးတွင် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေးကော်မတီ၏ ပွဲစဉ်ဇယား ရေးဆွဲထားမှုကို ပြင်းပြင်းထန်ထန် အပြစ်တင်သွားခဲ့ပြီး ယင်းပွဲစဉ်ဇယားကြောင့် ၎င်းင်းတို့အနေနှင့် သီတင်းတစ်ပတ်ထက်တစ်ပတ် ပိုမိုအခက်တွေ့လာရပြီ ဖြစ်သည်ဟု ကွန်တီက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ချယ်လ်ဆီးသည် လာမည့်စနေနေ့တွင် မန်စီးတီးနှင့် ပရီးမီးယားလိဂ်ပွဲစဉ် ကစားရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်ကို မည်သည့်အတွက် ဆူပါဆန်းဒေးပွဲစဉ်အဖြစ် သတ်မှတ်မပေးနိုင်သည်ကို သိခွင့်ရှိမည် ဆိုပါက သိလိုကြောင်း ကွန်တီက ပြောကြားထားပြီလည်း ဖြစ်သည်။

ချယ်လ်ဆီးသည် အက်သလက်တီကိုကို မိုရာတာ၊ ဘတ်ရွှာယီတို့၏ သွင်းဂိုးများနှင့်အတူ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ခြင်းကြောင့် အက်သလက်တီကိုကို အဝေးကွင်းတွင် အနိုင်ရရှိသည့် ပထမဆုံးသော အင်္ဂလိပ်အသင်းဟူသည့် ဂုဏ်ပုဒ်ကိုလည်း ချယ်လ်ဆီးက ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။

ချယ်လ်ဆီးသည် အက်သလက်တီကိုနှင့် ပွဲစဉ်အပြီးတွင် မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်ချိန် တစ်ရက်သာ ရရှိခဲ့ပြီး ယင်းသို့သော ပွဲမျိုးကို ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်ချိန်တစ်ရက် ဟူသည့် ပမာဏမှာ လုံလောက်မှု မရှိသည်ကို ပွဲစဉ်ဇယား ရေးဆွဲသူများ အနေနှင့် နားလည်သင့်ကြောင်းလည်း ကွန်တီက အသိပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ကွန်တီက “မန်စီးတီးက ချန်ပီယံလိဂ်ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားခဲ့ရပါတယ်။ အင်္ဂါနေ့မှာ ကစားရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့ကစားဖို့ သူတို့က ပြင်ဆင်ချိန် သုံးရက် ရထားပြီးပါပြီ။ ကျွန်တော်တို့က အက်သလက်တီကိုကို အဝေးကွင်းမှာ လာရောက်ရင်ဆိုင်ရတာပါ။ ဒီပွဲအပြီးမှာ အင်္ဂလန်ကိုပြန်ဖို့အတွက် ကျွန်တော်တို့ အချိန်ပေးရပါဦးမယ်။ ပြောရမယ်ဆိုရင် မန်စီးတီးနဲ့ပွဲအတွက် ကျွန်တော်တို့မှာ အပြည့်အဝ ပြင်ဆင်ချိန်ဆိုလို့ တစ်ရက်တည်းပဲ ရှိတော့တာပါ။ ပွဲစဉ်ဇယား ရေးဆွဲသူတွေဟာ ဘာလို့များ ကျွန်တော်တို့ နှစ်သင်းရဲ့ပွဲကို တနင်္ဂနွေမှာ ကစားဖို့ စီစဉ်မပေးနိုင်သလဲလို့ နားမလည်နိုင်အောင် ဖြစ်ရပါတယ်” ဟု ပြောကြားသွားခဲ့သည်။