News

POST TYPE

SPORTS

မင်ဒီ ကာလရှည်နားရမည်ကို မန်စီးတီး စိုးရိမ်
26-Sep-2017 tagged as မန်စီးတီး

မန်ချက်စတာ၊ စက်တင်ဘာ ၂၆

မန်စီးတီးနောက်ခံလူ မင်ဒီသည် မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ငါးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး လက်ရှိတွင် ယင်းဒဏ်ရာမှာ ထင်မှတ်ထားသည်ထက် အခြေအနေ ပိုမိုဆိုးရွားနေသည့်အတွက် မင်ဒီ ကာလရှည် နားရမည်ကို နည်းပြဂွါဒီယိုလာက စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်စီးတီးအသင်းဆေးအဖွဲ့သည် မင်ဒီ၏ ဒူးအရွတ်ထိခိုက်မှုမှာ ခန့်မှန်းမရအောင်ပင် ဖြစ်လျက်ရှိသည်ဟု ကနဦး သတင်းတစ်ရပ် ထုတ်ပြန်ထားပြီဖြစ်ပြီး လက်ရှိတွင် မင်ဒီက ၎င်း၏ဒဏ်ရာကို ပြသစစ်ဆေးရန်အတွက် စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ ခရီးထွက်ခွာသွားခဲ့ပြီလည်းဖြစ်သည်။

မင်ဒီသည် ၎င်း၏ဒဏ်ရာကို ဘာစီလိုနာမြို့ရှိ အထူးကုဆရာဝန် ရေမွန်ကူဂတ်ထံ ပြသသွားမည်ဖြစ်ပြီး ဒေါက်တာကူဂတ်မှာ ဂန်ဒိုဂန်၊ ကွမ်ပနီနှင့် ဒီဘရိုင်နေးတို့၏ ဒဏ်ရာများကို တာဝန်ယူကုသပေးခဲ့သည့် ထူးချွန်ဆရာဝန်ကြီးဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ဖွင့်ဟပြောကြားထားသည်။

နည်းပြ ဂွါဒီယိုလာသည် မန်စီးတီးနှင့် ခရစ္စတယ်ပဲလေ့စ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မင်ဒီဒဏ်ရာ ရရှိသွားချိန်၌ ဒါနီလိုကို ယင်းနေရာအတွက် လူစားလဲလှယ်ထည့်သွင်းခဲ့ကာ ယခုကဲ့သို့ မင်ဒီ ကာလအတန်ကြာ အနားယူရရန် အကြောင်းဖန်လာခြင်းက ဒါနီလိုကို လက်ရှိထက်ပို၍ ပွဲကစားခွင့်များ ရလာစေတော့မည်လည်းဖြစ်သည်။

မင်ဒီ၏ဒဏ်ရာအခြေအနေကို သီတင်းတစ်ပတ်ခန့် အချိန်ယူ၍ အဆင့်ဆင့် စစ်ဆေးပြီးမှသာလျှင် မည်ရွေ့မည်မျှ ပြင်းထန်ကြောင်း အတိအကျ သိရှိနိုင်လိမ့်မည်ဟု မန်စီးတီးက သတင်း ထုတ်ပြန်ထားပြီလည်းဖြစ်သည်။