News

POST TYPE

SPORTS

ဟိုတယ်ပေါ်မှနေ၍ ဒုံးကျည်ဖြတ်ပျံသွားသည်ကို ဘင်ဂါလူရူ အသင်းသားများ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ
အိန္ဒိယ ဘောလုံးကလပ် ဘင်ဂါလူရူအသင်းတွင် ပါဝင်ကစားနေသည့် သြစတြေးလျ ဘောလုံးကစားသမား ပါးတာလူးသည် မြောက်ကိုရီးယားနိုင်ငံသို့ အေအက်ဖ်စီဖလားပွဲစဉ် ယှဉ်ပြိုင်ကစားရန် သွားရောက်ရာတွင် ၎င်းတို့၏အသင်း တည်းခိုနေသည့် ဟိုတယ်ထက်မှနေ၍ ဒုံးကျည်ဖြတ်ပျံသွားခဲ့သည်ကို အသင်းသားများ အားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရခဲ့ကြောင်း ဖွင့်ဟအသိပေးသွားခဲ့သည်ဟု BBC က ဖော်ပြထားသည်။

ဘင်ဂါလူရူသည် မြောက်ကိုရီးယားကလပ် ဧပြီ ၂၅ နှင့် အေအက်ဖ်စီဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရန်အတွက် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ယင်းအချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကို ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်။

ပါးတာလူးသည် ယင်းဒုံးကျည်မှာ ပြုံးယမ်းမြို့ရှိ လေဆိပ်ရှိရာ အရပ်ဘက်မှနေ၍ လေထုထဲသို့ ပျံတက်လာခဲ့ခြင်း ဖြစ်ပြီး နံနက်ခြောက်နာရီကျော်တွင် ၎င်းတို့၏ ဟိုတယ်ထက်မှနေ၍ ဖြတ်ပျံသွားခဲ့ခြင်း ဖြစ်သည်ဟု ပါးတာလူးက ဖွင့်ဟအသိပေးထားသည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ပါးတာလူးက “အသင်းအခြေစိုက်ရာ အိန္ဒိယနိုင်ငံဆီကို ပြန်ဖို့အတွက် ဟိုတယ်ကနေ ထွက်ခွာတော့မယ့်အချိန်မှာ ဟိုတယ်မှာရှိတဲ့ ကောင်လေးတစ်ယောက်က ဒုံးကျည်လွှတ်တာ မြင်ဖူးလား၊ မမြင်ဖူးရင် စောင့်ကြည့်လိုက်၊ သိပ်မကြာခင် တွေ့ရလိမ့်မယ်လို့ လာပြောခဲ့ပါတယ်။ ကျွန်တော်တို့တွေ အားလုံး ဟိုတယ်အပြင်ဘက်ကို ထွက်လာချိန်မှာ မနက်ခြောက်နာရီ ရှိနေပါပြီ။ သိပ်မကြာခင်မှာပဲ လေဆိပ်ဘက်က ဒုံးကျည်တက်လာပြီး ဟိုတယ်ပေါ်ကနေ ဖြတ်ပျံသွားခဲ့ပါတယ်။ အရမ်းကို အံ့သြစရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ” ဟု ပြောကြားသွားခဲ့သည်။

ဘင်ဂါလူရူသည် ဧပြီ ၂၅ ကို မြောက်ကိုရီးယားမြေတွင် ဂိုးမရှိသရေသာ ကစားနိုင်ခဲ့သော်လည်း ၎င်းတို့၏ အိမ်ကွင်းတွင် သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရထားပြီး ဖြစ်သည့်အတွက် နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး ဂိုးမရှိဖြင့် အောင်ပွဲခံကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့သည်။